ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ရဲ့ အနာဂတ်ကတော့ လက်ရှိအချိန်မှာ အတော်လေးကို အရောင်မှိန်လာခဲ့ရပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိရလဒ်တွေက ဘယ်လိုမှကို လက်သင့်ခံချင်စရာမရှိပဲ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲအတွင်းမှာ နိုင်ပွဲက (၂)ပွဲပဲ ရှိခဲ့ရပြီး ရှံးပွဲက (၅)ပွဲတောင် ရှိခဲ့သလို သရေပွဲ(၁)ပွဲ ရှိခဲ့ရပါတယ်။ ဒီလို ရလဒ်ဆိုးတွေကြောင့် အသင်းနည်းပြလမ်းပတ်ရဲ့ အနာဂတ်က ဝိုးတဝါးဖြစ်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Evening Standard

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးကစားသမားဘဝအတွင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပြီး အသင်းရဲ့ အောင်မြင်တဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ လမ်းပတ်ဟာ မနှစ်က ဘောလုံးရာသီမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးရဲ့နည်းပြတစ်ယောက်အဖြစ် တာဝန်ပေးခံခဲ့ရပြီး သူရဲ့ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းကို အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင်နဲ့ အက်အေဖလားဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : AS English

နည်းပြလမ်းပတ်ဟာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမရာသီမှာ အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူခွင့်မရှိခဲ့ပေမယ့်လည်း ရှိရင်းစွဲကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ထိရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် သူ့ကို ဘောလုံးနယ်ပယ်အတွင်းက ချီးကျူးပြောဆိုမှုတွေ ရှိခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ လမ်းပတ်ဟာ အသင်းအတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ကျော်အထိ သုံးစွဲခဲ့သလို အသင်းကိုလည်း တီမိုဝါနာ ဟာကင်ဇီယက်ရှ် ကိုင်းလ်ဟားဗက်ဇ် သီယာဂိုဆေးဗား အက်ဒွါမန်ဒီတို့လို ထိပ်တန်းကစားသမားတွေနဲ့ ခေါ်ယူအားဖြည့်ခဲ့ကာ အသင်းကို အကောင်းဆုံးတည်ဆောက်ခဲ့ပေမယ့် အသင်းက ရာသီအစပိုင်းလေးသာ Form ကောင်းတခုကို ပြသနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဆက်တိုက်ရလဒ်တွေ ဆိုးရွှားလာခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လမ်းပတ်က နည်းပြရာထူးကနေ တာ့တာပြရဖို့ ရေပန်းစားလျက်ရှိနေပေမယ့် ချယ်လ်ဆီးဘက်ကနေတော့ လမ်းပတ်ကို အခုချက်ချင်းထုတ်ပြီး ယာယီနည်းပြတစ်ဦးကို ခန့်အပ်ဖို့ထက် ရာသီအကုန်မှသာ လမ်းပတ်ကို ထုတ်ပယ်ပြီး သူရဲ့နေရာအတွက် လိုက်ပ်ဇစ်အသင်းရဲ့ နည်းပြဖြစ်သူ ဂျူလီယန်နာဂယ်စမန်းနဲ့ အစားထိုးသွားဖို့သာ ဆန္ဒရှိနေပါတယ်။ နာဂယ်စမန်းဟာ အသက်ငယ်ရွှယ်သေးပေမယ့် တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး သူ့ကို ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။

The post လိုက်ပ်ဇစ်နည်းပြ နာဂယ်စမန်းကို ဖရန့်လမ်းပတ်ရဲ့နေရာမှာ အစားထိုးသွားချင်နေတဲ့ ချယ်လ်ဆီး appeared first on MySport Myanmar.