ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့ရတဲ့ ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူချယ်လ်ကတော့ နဂိုကတည်းက သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရပါတယ်။ မိန့်ဇ် အော့စ်ဘတ် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီအသင်းတို့ ကိုင်တွယ်ခဲ့ဖူးတဲ့ တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းနဲ့ လေ့ကျင့်ခန်းကိစ္စတွေကို စတင်လုပ်ဆောင်လျက်ရှိနေပြီး ဒီနေ့ညမှာ ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကနေစတင်ပြီး အသင်းကို ကြီးကြပ်ဖွယ် ရှိနေပါတယ်။ ဆိုတော့ တူချယ်လ် ရောက်ရှိလာမှုက ချယ်လ်ဆီးအသင်းရဲ့ ဘယ်ကစားသမားတွေအတွက် အကျိုးရှိလာစေနိုင်မလဲ။

Photo Credit : Twitter

တူချယ်လ်က ကစားသမားဘဝမှာ ခံစစ်ကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစာေးခဲ့တယ်ဆိုပေမယ့် နည်းပြဘဝကို စတင်ကူးပြောင်းချိန်မှာတော့ သူက တိုက်စစ်အားသန်တဲ့ နည်းဗျူဟာကို ပိုုမိုပိုင်နိုင်တဲ့ နည်းပြတစ်ယောက် ဖြစ်လာခဲ့ပြီး သူကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းတွေရဲ့ တိုက်စစ်ကစားသမားတွေဟာလည်း သူရဲ့လက်အောက်မှာ သွင်းဂိုးအရေအတွက်တွေ သိသိသာသာ တိုးများလာခဲ့ရပါတယ်။ ဒီအချက်ကတော့ ချယ်လ်ဆီးရဲ့တိုက်စစ်ပိုင်းအတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေစေမှာပါ။ ဒါ့အပြင် တူချယ်လ်က ဂျာမန်လူမျိုး ဖြစ်နေတာကြောင့် အသင်းရဲ့တိုက်စစ်မှာ ဂျာမန်ဂျင်းလို့ နာမည်ပြောင်ပါရနေတဲ့ တီမိုဝါနာနဲ့ ကိုင်းလ်ဟားဗက်ဇ်တို့ကိုပါ ဂျာမန်ဂျင်းကနေ ဂျာမန်ရတနာတွေဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Daily Express

ဒါ့အပြင် ပြင်သစ်မြေမှာ နှစ်အနည်းငယ်လောက် နည်းပြဘဝကို ဖြတ်သန်းခဲ့ရတာဖြစ်လို့ ပြင်သစ်ကစားသမားတွေရဲ့အထာကိုလည်း ကောင်းကောင်းနားလည်နေမှာဖြစ်လို့ ကန်တီ ဂျရူး ဇူးမားတို့ကိုလည်း အကောင်းဆုံးကိုင်တွယ်နိုင်မှာဖြစ်သလို သူနဲ့ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ ပူလီဆစ်ဟာလည်း တူချယ်လ်လက်အောက်မှာ ပိုမိုတောက်ပလာနိုင်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ပိုင်းမှာတော့ အပြောင်းအလဲ အနည်းငယ်ဖြစ်လာပေါ်လာနိုင်ပါတယ်။ သူက ပီအက်စ်ဂျီကို နည်းပြခဲ့စဉ်ကတည်းက ဂျော်ဂျင်ဟိုကို အသင်းဆီ ခေါ်ဆောင်ချင်ခဲ့သူဖြစ်လို့ အခု သူချယ်လ်ဆီးနည်းပြဖြစ်လာချိန်မှာ ဂျော်ဂျင်ဟိုကို ပီအက်စ်ဂျီမှာ ဗရက်တီကို အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း deep playmaker အဖြစ်နဲ့ အသုံးပြုလာနိုင်ပါတယ်။ နောက်ပြီး အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ နောက်ခံလူရူဒီဂါကလည်း တူချယ်လ်နဲ့ ပီအက်စ်ဂျီမှာ လက်တွဲခဲ့ဖူးတဲ့ သီယာဂိုဆေးဗားနဲ့ ပေါင်းစပ်ပြီး ခံစစ်မှာ နေရာရလာနိုင်သလို (၃)ယောက်တန်း ခံစစ်အဖြစ်လည်း ဆေးဗား ဇူးမား ရူဒီဂါတို့ကို အသုံးပြုနိုင်ပါတယ်။ ဝါနာကိုတော့ အထောင်တိုက်စစ်နေရာမှာပဲ အသုံးပြုလာနိုင်သလို ဟားဗက်ဇ်ကိုလည်း သူရဲ့အကောင်းဆုံးနေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နေရာကိုပဲ ပို့ဆောင်ဖွယ် ရှိနေပါတယ်။

The post အသင်းကို တူချယ်လ် ရောက်ရှိလာမှုကနေ အကျိုးရှိလာနိုင်တဲ့ ချယ်လ်ဆီးကစားသမားတချို့ appeared first on MySport Myanmar.