ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖြစ်တဲ့ FIFA ကတော့ လတ်တလောမှာ ဥရောပ အင်အားကြီး အသင်းတွေ ကြားထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ စူပါလိဂ်ကိစ္စနဲ့ ပတ်သတ်ပြီး ကလပ်အသင်းတွေ သာမက အဆိုပါ ပြိုင်ပွဲမှာ ကလပ်အသင်းတွေ အတွက် ပါဝင် ကစားပေးမယ့် ကစားသမားတွေကိုပါ ပြင်းထန်တဲ့ သတိပေးမှု တစ်ခုကို ပြုလုပ် သွားခဲ့ပါတယ်။ လတ်တလောမှာ ဥရောပရဲ့ အင်အားကြီး အသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ် မက်ဒရစ်အသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်း ၊ ဂျူဗင်တပ်အသင်း ၊ ဘာစီလိုနာအသင်း ၊ ပီအက်စ်ဂျီအသင်း ၊ မန်ချက်စတာ စီးတီးအသင်း ၊ လီဗာပူးအသင်း ၊ ဘိုင်ယန်မြူးနစ် အသင်း စတဲ့ အသင်းတွေရဲ့ အကြီးအကဲတွေဟာ ဥရောပ အသင်းကြီးတွေ ပါဝင်တဲ့ စူပါလိဂ် ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: The Sun

အထူးသဖြင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ဟာ ဒီကိစ္စရပ်တွေကို အဓိက ကြိုးကိုင်နေသူ ဖြစ်ပြီး ဥရောပ စူပါလိဂ်သာ ကျင်းပဖြစ်ပါက ဘောလုံးလောကရဲ့ အသင်းကြီးတွေ အားလုံးဟာ တစ်နှစ်ကို အသားတင် ယူရို ၃၀၀သန်းခန့် ရရှိမယ် ဆိုပြီး ခန့်မှန်းချက်တွေပါ ထွက်ပေါ် နေပါတယ်။ အဆိုပါ ဥရောပ စူပါလိဂ်သာ တရားဝင် ဖြစ်ပေါ်လာခဲ့ပါက အပြန်အလှန် အနေနဲ့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲနှစ်ခု အဖြစ် သတ်မှတ် ခံထားရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတို့ဟာ အင်အားနည်းသွားမှာ ဖြစ်ပြီး အခြား ပြည်တွင်းလိဂ်တွေဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု လျော့ကျတဲ့ ဒဏ်ကို ခံရဖွယ် ရှိပါတယ်။ ဒါ့ကြောင့်ပဲ FIFAက ဥရောပ အသင်းကြီးတွေရဲ့ စူပါလိဂ်ပြိုင်ပွဲ ပြုလုပ်ဖို့ ကျင်းပနေမှုကို အပြင်းအထန် ဆန့်ကျင်ဖို့ ရှိနေပြီး လတ်တလောမှာတော့ ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ ပီရက်ဇ်တို့ လူအုပ်ရဲ့ လှုပ်ရှားမှုတွေကို နှောင့်နှေးအောင် ပြုလုပ်ခဲ့ပါတယ်။

Photo Credit: The Sun

ဥရောပ စူပါလိဂ်နဲ့ ပတ်သတ်ပြီး FIFA က “ လတ်တလောမှာ သတင်းမီဒီယာတွေကနေ ဖော်ပြနေတဲ့ ဥရောပ အသင်းတချို့ဟာ ဥရောပစူပါလိဂ် ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး FIFAနဲ့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့အစည်း ခြောက်ခုက သဘောထား တစ်ခုထဲကို ထပ်ပြီး ပြောကြား ပါရစေ။ ကျွန်တော်တို့ရဲ့ သဘောထား ကတော့ အဲ့ဒီပြိုင်ပွဲဟာ FIFAနဲ့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုမှုကို လုံးဝ ရရှိှမှာ မဟုတ်ပါဘူး။ ပြီးတော့ အဲ့ဒီ စူပါလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကလပ်အသင်းတွေနဲ့ ကစားသမားတွေဟာလည်း FIFAနဲ့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေက ကျင်းပတဲ့ ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး” ဆိုပြီး ကန့်ကွက် သွားခဲ့တာပါ။ ကဲ ပရိသတ်ကြီးကရော ဒီကိစ္စအပေါ် ဘယ်လို မြင်ကြလဲဗျ။

The post စူပါလိဂ်ပြိုင်ပွဲ ကျင်းပဖို့ ကြိုးစားမှုတွေကို ရပ်တန်းကရပ်ဖို့ သတိပေးလိုက်တဲ့ FIFA appeared first on MySport Myanmar.