မနေ့ကပဲ (၁၉)နှစ်တာ သက်တမ်းရှိခဲ့တဲ့ ကစားသမားဘဝကို ဇာတ်သိမ်းလိုက်ပြီး နည်းပြချုပ်ဘဝကို ချက်ချင်းကူးပြောင်းသွားခဲ့တဲ့ ဝါရင့်အင်္ဂလန်တိုက်စစ်ကစားသမားကြီး ဝိန်းရွန်းနီဟာ အခုဆိုရင် ဒါဘီကောင်တီအသင်းရဲ့ အမြဲတမ်းနည်းပြတစ်ယောက် ဖြစ်သွားခဲ့သလို နည်းပြဘဝကိုလည်း အသေအချာဝင်ရောက်လာခဲ့ပြီဖြစ်ရာ ရွန်းနီအနေနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အောင်မြင်တဲ့ နည်းပြတစ်ယောက်အဖြစ်နဲ့ ရပ်တည်လာနိုင်တယ်လို့ ရွန်းနီရဲ့ဆရာသမားဟောင်းဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

အသက်(၃၅)နှစ်အရွှယ်ရှိ ဒါဘီကောင်တီအသင်းရဲ့ ယာယီနည်းပြနဲ့ ကစားသမားဖြစ်သူ ရွန်းနီဟာ မနေ့ကပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သလို တစ်ဆက်တည်းမှာပဲ ဒါဘီအသင်းရဲ့ အမြဲတမ်းနည်းပြရာထူးကိုပါ တာဝန်ယူလိုက်ပြီဖြစ်ကြောင်းကိုပါ ထုတ်ပြန်လာခဲ့ပါတယ်။ ရွန်းနီဟာ ဒါဘီအသင်းရဲ့ ယာယီနည်းပြဘဝမှာ (၉)ပွဲကိုင်တွယ်ခဲ့ပြီး (၃)ပွဲနိုင် (၄)ပွဲသရေ (၂)ပွဲရှုံး ရလဒ်တွေကို ဖော်ဆောင်ထားနိုင်ခဲ့ကာ ရလဒ်ပိုင်း သိပ်မဆိုးလှအောင် ကိုင်တွယ်နိုင်ခဲ့တာကြောင့် သူ့ကို အသင်းကနေ အခုလို အမြဲတမ်းနည်းပြအဖြစ် တာဝန်ပေးလိုက်ရတာဖြစ်ပြီး ၂၀၂၃ခုနှစ်အထိကို စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Photo Credit : Metro

အခုလို နည်းပြလောကထဲကို လုံးဝဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ တပည့်ကျော်ရွန်းနီရဲ့အကြောင်းကို ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်း ဖာဂူဆန်က “သူရဲ့ ပွဲအတွင်း ဗဟုသုတကြွယ်ဝမှုနဲ့ပတ်သက်ပြီး ဘာမှကို မေးခွန်းထုတ်စရာ မလိုလောက်အောင်ပါပဲ။ သူရဲ့အောင်မြင်မှုတွေကို အစပြုဖို့အတွက်လည်း အခွင့်ကောင်းတစ်ခုကိုပါ ပိုင်ဆိုင်ထားပါတယ်။ သူဒါကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ဒါက စောစောစီးစီးပဲ ခြေလှမ်းကြီးတစ်ခုကို စတင်လှမ်းလိုက်သလိုပါပဲ။ သူက ဒီအလုပ်ကို အရမ်းလုပ်ဆောင်ချင်နေတယ်။ ဒါက အရေးပါဆုုံးပါပဲ။ တစ်ယောက်ယောက်ကသာ သင့်ကို လာရောက်မေးမြန်းမှု ကမ်းလှမ်းမှုသာ မရှိဘူးဆိုရင် သင့်အနေနဲ့လည်း နည်းပြတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါဘီနဲ့ သူရဲ့တာထွက်ကလည်း ကောင်းမွန်ခဲ့တယ်။ ဒီလို ဖြစ်လာအောင်လည်း သူက လုပ်ဆောင်ချင်ခဲ့တာဖြစ်လို့ ဆက်လက်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဒီနေ့ညမှာ ရော့သာဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံရှစ်ပွဲစဉ်ကတော့ ဝိန်းရွန်းနီရဲ့ အမြဲတမ်းနည်းပြဘဝအစ ပထမဆုံးပွဲတစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး တန်းဆင်းဇုန်အတွင်း အသင်းအချင်းချင်း ဆုံတွေ့မှာဖြစ်လို့ အရေးပါတဲ့ပွဲလို့လည်း သတ်မှတ်နိုင်ပါတယ်။

The post ရွန်းနီက အောင်မြင်တဲ့ ဘောလုံးနည်းပြတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဖာဂူဆန်သုံးသပ်ပြောဆို appeared first on MySport Myanmar.