ဂျုဗင်တပ်စ်အသင်းဆီမှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွှက်နေခဲ့တဲ့ အီတလီလူမျိုး ဖာဘီယိုပါရာတီချီက စပါးအသင်းဆီကို ရောက်ရှိလာခဲ့ပြီးနောက် စပါးအသင်းဟာလည်း စီးရီးအေက ကစားသမားတစ်ဦးဖြစ်တဲ့ အတ္တလန်တာ ဂိုးသမား ဂိုလီနီကို ခေါ်ယူနိုင်ခဲ့သလို အခုလည်း မနှစ်က ဘောလုံးရာသီအတွင်း အီတလီ စီးရီးအေပြိုင်ပွဲမှာ လိဂ်သွင်းဂိုးပေါင်း (၂၀)အထိကို သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဆီမြွန်နဝမ်ခိုကို ခေါ်ယူသွားဖို့အတွက်ပါ ကြိုးပမ်းလျက် ရှိနေတယ်လို့ ဗြိတိန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Vanguard News

အသက်(၂၉)နှစ်အရွှယ်ရှိ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား နဝမ်ခိုဟာ အီတလီကလပ် ခရိုတိုနီအသင်းမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း ခရိုတိုနီအသင်းအတွက် စီးရီးအေသွင်းဂိုးပေါင်း (၂၀)အထိကို သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသင်းအတွက် အခုလို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း နဝမ်ခိုရဲ့ခရိုတိုနီအသင်းက စီးရီးအေမှာ ဆက်လက်ကျန်ရစ်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပဲ စီးရီးဘီဆီ တန်းဆင်းသွားခဲ့တာကြောင့် စီးရီးအေအထာကို ကောင်းကောင်းသိနားလည်နေတဲ့ ပါရာတီချီက သူရဲ့စပါးအသင်းဆီ နဝမ်ခိုကို ခေါ်ယူသွားဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Sussex Live

ဂိုးသွင်းအားကောင်းတဲ့ နဝမ်ခိုဟာ ၂၀၁၆ခုနှစ်ကမှ ခရိုတိုနီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ(၅)ခုထိ ဖြတ်သန်းခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၆၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို တိုက်စစ်အားကောင်းမွန်တဲ့ နဝမ်ခိုကို တိုက်စစ်မှာ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ကိုပဲ အားထားနေရတဲ့ စပါးအသင်းဘက်ကနေ အလိုရှိလာခဲ့တာဖြစ်ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့ ဘင်ဖီကာအသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ကားလို့စ်ဗင်နီစီယပ်စ်တို့ကို အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိပဲ မူရင်းကလပ်အသင်းတွေဆီကို ပြန်လည်ပို့ဆောင်လိုက်ရတာဖြစ်သလို လက်ရှိ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟာရီကိန်းရဲ့အနာဂတ်မှာလည်း မရေမရာ ဖြစ်နေတာကြောင့် တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ အလိုရှိနေရတာဖြစ်ပါတယ်။ ဆီမီလို့ လူသိများကြတဲ့ နဝမ်ခိုရဲ့ လက်ရှိတန်ကြေးက ယူရို(၈)သန်းခန့်သာ ရှိနေပြီး အသင်းနဲ့လည်း စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ ဒီကစားသမားက စပါးအသင်းအတွက် မဖြစ်မနေ ခေါ်ယူသင့်တဲ့ ကစာသမားတစ်ယောက် ဖြစ်နေရပါတယ်။