ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပိန်အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယာယီအိမ်ကွင်း ဖြစ်တဲ့ ဒီစတီဖာနိုကွင်းမှာ ကစားခဲ့တာကြောင့် အဝေးကွင်းမှာ သွင်းဂိုး ၁ဂိုး ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်း အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ရောက်ရှိဖို့ အခွင့်အလမ်း ပိုမို ကောင်းမွန်သွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကတော့ စတမ်းဘရက်ဖို့ဒ်ချ်မှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို သွင်းဂိုးများတဲ့ သရေပွဲ ၊ ဒါမှမဟုတ် အနိုင်ကစားမှသာ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိခဲ့တာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဖြစ်သူ အီဒင်ဟာဇက် ဖြစ်ပြီး ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတဦး ဖြစ်ကာ ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းမှာ ထင်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရသူပါ။ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဟာဇက်ဟာ လူစားဝင် ကစားသမားအဖြစ် ပါဝင် ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း အနိုင်ရလဒ် ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ကစားပုံကတော့ အနည်းငယ် ကျေနပ်စရာ ကောင်းခဲ့ပါတယ်။

Photo Credit: Express

ဟာဇက်ကတော့ သူဟာ အရင်လို အကောင်းဆုံး ပုံစံကို ရအောင် ကြိုးစားနေပြီ ဖြစ်သလို အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မှာလည်း သူ့ရဲ့ အကောင်းဆုံး ပုံစံကို မြင်ရအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းကို သတိပေးသွားခဲ့ပါတယ်။ ဟာဇက်က – “ကျွန်တော့်အထင် ကျွန်တော်က တဆင့်ပြီး တဆင့် ပြန်ကောင်းလာပါပြီ။ ကျွန်တော် အသင်းအတွက် မိနစ်အများကြီး ကစားပေးချင်တာက သေချာပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ကျွန်တော် ၁၅မိနစ် ကစားခဲ့ရတယ်။ ဒီနေ့တော့ ပိုပြီး ကစားခွင့် ရခဲ့ပါတယ်။ ဒီရာသီမကုန်ခင် ကစားရမယ့် ပွဲကောင်းတွေ အများကြီး ရှိသေးပြီး အဲ့ဒီပွဲတွေအတွက် ကျွန်တော်က အဆင်သင့် ဖြစ်နေပါပြီ။ အခုချိန်မှာ ကျွန်တော့်ရဲ့ ခံစားချက်တွေက ပိုကောင်းလာတယ် ၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီး ကောင်းလာပါတယ်။ အဲ့ဒါတွေကြောင့် အခု ကျွန်တော် ပျော်နေပါတယ်။ မိတ်ဆွေတွေနဲ့ ရင်ဆိုင် ကစားရတာက ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်က မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ အခုတော့ ကျွန်တော်က ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်နေပါပြီ။ အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းပဲဖြစ်ဖြစ် တခြားအသင်းတွေပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အနိုင်ရချင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

The post ဆီမီး ဒုတိယအကျော့အတွက် ချယ်လ်ဆီးအသင်းကို သတိပေးလိုက်တဲ့ အီဒင်ဟာဇက် appeared first on MySport Myanmar.