မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီးဖြစ်တဲ့ ဒီမီတာဘာဘာတော့က သူရဲ့အသင်းဟောင်းအနေနဲ့ လာမယ့်စျေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို အရခေါ်ယူဖြစ်မယ်ဆိုရင်လည်း အသင်းမှာ ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်ကူနိုင်တာကြောင့် ဆန်ချိုရောက်လာလည်း အသင်းအတွက် ဒုတိယဗန်ဒယ်ဘိခ်သာ ဖြစ်သွားနိုင်တယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening Standard

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက အသက်(၂၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို အလိုရှိခဲ့တာဖြစ်ပေမယ့်လည်း ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေသွားဖို့ အခက်အခဲ ရှိနေတဲ့အတွက် အပြောင်းအရွှေ့ အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်ကနေ ဆန်ချိုကို ခေါ်ယူဖို့အတွက် လုံးဝလက်မလျှော့သေးပဲ လာမယ့်နွေစျေးကွက်မှာပါ ဆန်ချိုကို ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

Photo Credit : Metro

ဒါပေမယ့် ယူနိုက်တက်ကိုသာ ဆန်ချိုရောက်လာခဲ့မယ်ဆိုရင်လည်း ဆန်ချိုဟာ အသင်းမှာ ဒုတိယမြောက် ဗန်ဒယ်ဘိခ်သာဖြစ်နိုင်လိမ့်မယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ဟာ ဒီရာသီမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ဥရောပရဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ အရည်အသွေးအရှိဆုံးလို့ တင်စားခေါ်ဆိုခံထားရပေမယ့်လည်း ယူနိုက်တက်မှာတော့ ပုံမှန်နေရာရဖို့ ရုန်းကန်လို့နေရပါတယ်။ တကယ်လို့ ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင်လည်း သူ့ကို ဘယ်နေရာမှာ သုံးမလဲဆိုတာ စဉ်းစားရခက်ခဲနိုင်သလို အသင်းမှာကလည်း နေရာစုံမှာ ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် ကစားသမားကောင်းတစ်ယောက် ဖြစ်ပေမယ့်လည်း အသင်းမှာ နေရာပျောက်နိုင်လို့ ဒုတိယဗန်ဒယ်ဘိခ်လို ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ဂျာမန်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဒေါ့မွန်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအတွင်း ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ခြင်းမရှိခဲ့ဘူးဆိုရင် သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ဆန်ချိုကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနိုင်တယ်လို့ ဖော်ပြနေကြပြီး ဆန်ချိုကလည်း အင်္ဂလန်မြေကို ပြန်သွားချင်နေပါတယ်။

The post မန်ယူကို ဆန်ချိုရောက်လာရင်လည်း ဒုတိယဗန်ဒယ်ဘိခ်သာ ဖြစ်လာလိမ့်မယ်လို့ ဘာဘာတော့ပြောဆို appeared first on MySport Myanmar.