အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ ဝါရင့်စပိန်တိုက်စစ်ကစားသမားဖြစ်သူ ဒီယေဂိုကော်စတာကိုသာ အသင်းရဲ့ ရေတိုစီမံကိန်းအဖြစ် ခေါ်ယူအားဖြည့် ဖြစ်ခဲ့မယ်ဆိုရင် ဒီကစားသမားက ဒီနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမားဟောင်းဖြစ်သူ မီကာရစ်ချက်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပဲ သူရဲ့အသက်လက်တီကိုအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေကာ သူ့အတွက် အဆင်ပြေနိုင်မယ့် ကလပ်အသင်းတစ်သင်းကို ရှာဖွေလျက်ရှိနေပါတယ်။ ကော်စတာလို အတွေ့အကြုံကောင်းတွေများစွာ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ကို Free Agent နဲ့ ခေါ်ယူနိုင်မှာဖြစ်လို့ အသင်းများစွာက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ ရစ်ချက်က သူရဲ့အသင်းဟောင်း မန်စီးတီးကိုပါ ပါဝင်စေချင်နေတာဖြစ်ပါတယ်။

Photo Credit : Daily Mail

ရစ်ချက်က “မန်စီးတီးက လက်ရှိမှာ အကောင်းဆုံးပုံစံတစ်ရပ်နဲ့ ရှေ့ဆက်လျက်ရှိနေတယ်ဆိုပေမယ့်လည်း သူတို့အသင်းကသာ ဒီယေဂိုကော်စတာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ကော်စတာက သူတို့အသင်းအတွက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်သေချာပေါက်ကို ပြောနိုင်ပါတယ်။ ကော်စတာက အခု (၃၂)နှစ် ရှိနေပြီဆိုတော့ စီးတီးအတွက် ရေရှည်သုံးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဒီချယ်လ်ဆီးတိုက်စစ်မှူးဟောင်းက ဒီဇင်ဘာလတုန်းက အသက်လက်တီကိုနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ခေါ်ယူဖို့ကလည်း လွယ်ကူပါတယ်။ သူက ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကစားသမားတွေအတွက် သတိထားရမယ့် တိုက်စစ်မှူးတစ်ယောက် ဖြစ်နေဆဲပါပဲ။ အဆုံးသတ်ကောင်းတဲ့သူလည်း ဖြစ်နေတာမို့ ပတ်ဂွာဒီယိုလာအတွက် Plan B အဖြစ် ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ သူရဲ့ လုပ်ခလစာနဲ့ပတ်သက်ပြီး သင့်အနေနဲ့ စောဒကတတ်နိုင်ပါတယ်။ ဒါပေမယ့် သူ မန်စီးတီးအသင်းအတွက် စွမ်းဆောင်ပေးနိုင်မယ့် အရာတွေနဲ့ နှိုင်းဆကြည့်မယ်ဆိုရင် သူ့ကို ခေါ်ယူဖို့ကိစ္စက အကျိုးမယုတ်ဘူးဆိုတာကို နားလည်ပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကော်စတာကို ဥရောပ ကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေလျက်ရှိပြီး ပရီးမီးယားလိဂ်အသင်းတွေလည်း ပစ်မှတ်ထားလို့နေပေမယ့် ကော်စတာရဲ့လစာက သူ့ကို ခေါ်ယူဖို့အတွက် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်နေရပါတယ်။

The post ဒီယေဂိုကော်စတာက မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေလိမ့်မယ်လို့ မီကာရစ်ချက်ပြောဆို appeared first on MySport Myanmar.