ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရတဲ့ ဝါရင့်စပိန်တိုက်စစ်ကစားသမား ဒီယေဂိုကော်စတာဟာ ဥရောပကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ သူရဲ့မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးနိုင်ငံကရဲ့ နာမည်ကျော်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ပါးလ်မီးရပ်စ်အသင်းဆီကိုပဲ ပြောင်းရွှေ့သွားဖို့ အတော်လေး နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးဒီယေဂိုကော်စတာဟာ အသက်လက်တီကိုအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့် အသင်းမှာ လူးဝစ်ဆွာရက်ဇ်နဲ့ ဂျာအိုဖီးလစ်တို့ရဲ့နောက်မှသာ ပါဝင်နေရတာဖြစ်သလို ဒဏ်ရာပြသာနာများစွာနဲ့လည်း လုံးပန်းနေရတာဖြစ်လို့ အသင်းနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးသေးခင်မှာပဲ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိတော့ ကော်စတာဟာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့အခြေစိုက် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပါးလ်မီးရပ်စ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အနီးစပ်ဆုံး ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီယေဂိုကော်စတာဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့အတွက် သူပြောင်းရွှေ့လိုတဲ့ ကလပ်အသင်းတစ်ခုခုဆီကို ပြောင်းရွှေ့ကြေးမပါဝင်ပဲ ပြောင်းရွှေ့နိုင်မှာဖြစ်ပြီး သူ့ကိုလည်း ဂျုဗင်တပ်စ် အာဆင်နယ်တို့လို ဥရောပနာမည်ကြီး ကလပ်အသင်းတွေကပါ ပစ်မှတ်ထားခဲ့ပေမယ့်လည်း ကော်စတာကတော့ ဘရာဇီးနိုင်ငံမှာသာ ဘောလုံးကစားဖို့ကိုပဲ စိတ်ဝင်စားခဲ့တာကြောင့် ပါးလ်မီးရပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပါးလ်မီးရပ်စ်အသင်းရဲ့ ကနဦးကမ်းလှမ်းချက်တွေအရ ကော်စတာကို သူတို့အသင်းဘက်ကနေ (၂)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခကိုလည်း ပေါင်(၂.၆)သန်းဝန်းကျင် ပေးချေသွားမယ်လို့ Sky Sports ကနေ ဖော်ပြသွားခဲ့ပါတယ်။ ကော်စတာဟာ သူရဲ့ဘောလုံးသမားဘဝကို ဘရာဇီးကလပ် ဘာစီလိုနာ SP ဆိုတဲ့အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး အခု သူရဲ့အသင်းသစ် ဖြစ်လာဖွယ်ရှိနေတဲ့ ပါးလ်မီးရပ်စ်က သူ့အသင်းဟောင်းရဲ့ မြို့ခံပြိုင်ဘက်တွေဖြစ်ပြီး မကြာသေးခင်လေးကမှ ကျင်းပခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွဲခဲ့ပြီး စတုတ္ထနေရာကိုသာ ပိုင်ဆိုင်ခဲ့ရပါတယ်။

The post ဘရာဇီးကလပ် ပါးလ်မီးရပ်စ်အသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ ကော်စတာ appeared first on MySport Myanmar.