မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်အသင်းက အသင်းရဲ့လူငယ်ကစားသမားလေး အာမက်ဒီယဲလိုရဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ပြန်လည်ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်လေး အာမက်ဟာ မီလန်နဲ့ပွဲစဉ်အတွင်း အရန်စာရင်းမှာသာ ပါဝင်ခဲ့ရတာဖြစ်ပေမယ့် ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက သူ့ကို ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာပဲ လူစားလဲထည့်သွင်းခဲ့ရာ (၅)မိနစ်အကြာမှာပဲ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေတစ်ဆင့် လှလှပပ ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးဟာ အာမတ်အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသောသွင်းဂိုးဖြစ်ခဲ့သလို ဒီဂိုးကြောင့် စံချိန်သစ်တစ်ခုကိုလည်း ရရှိသွားခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေထဲမှာ လက်ရှိအသင်းမှာလည်း ပါဝင်ကစားနေတဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်က ဥရောပပြိုင်ပွဲတွေအတွင်း အသင်းရဲ့ အသက်အငယ်ဆုံးသော ဂိုးသွင်းယူထားသူအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ အက်စ်တာနာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက သူရဲ့အသက်အရွှယ်ဟာ (၁၇)နှစ်နဲ့ (၃၅၃)ရက်သာ ရှိနေခဲ့ပါတယ်။ ဂရင်းဝုဒ်ရဲ့နောက် အသင်းရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းထားသူကလည်း ဂရင်းဝုဒ်လိုပဲ လက်ရှိအသင်းသားဖြစ်တဲ့ တိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖို့ဒ်ဖြစ်ပြီး ယူနိုက်တက်နဲ့ အန်ဒါလက်ချ်အသင်းတို့ ရင်ဆိုင်တွေ့ဆုံခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ကာ အဲ့ဒီအချိန်က ရပ်ရှ်ဖို့ဒ်ရဲ့အသက်က (၁၈)နှစ်နဲ့ (၁၇၇)ရက် ရှိခဲ့ပါတယ်။ သူတို့(၂)ယောက်ရဲ့နောက် တတိယနေရာမှာတော့ အသင်းရဲ့ Legend ကစားသမားဟောင်းကြီး ဂျော့ချ်ဘက်စ်က ရပ်တည်နေပါတယ်။ အာမက်ဒီယဲလိုကလည်း ယူနိုက်တက်အတွက် ဂိုးစတင်သွင်းယူချိန်မှာ သူ့အသက်က (၁၈)နှစ်နဲ့ (၂၄၃)ရက်သာ ရှိနေလို့ အသင်းရဲ့အသက်အငယ်ဆုံး ဂိုးသွင်းယူသူစာရင်းမှာ ပါဝင်လာခဲ့တဲ့အပြင် ဂရင်းဝုဒ် ရပ်ရှ်ဖိုဒ့် ဂျော့ချ်ဘက်စ်တို့လို ဗြိတိန်နိုင်ငံသားမဟုတ်တဲ့ ပြည်ပကစားသမားတွေထဲမှာတော့ အာမက်ဟာ ဥရောပပြိုင်ပွဲတွေအတွင်း ယူနိုက်တက်အတွက် အသက်အငယ်ဆုံးသော ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

The post ပထမဆုံးသွင်းဂိုးနဲ့အတူ စံချိန်သစ်တစ်ခုကိုပါ တွဲဖက်ရယူသွားနိုင်ခဲ့တဲ့ မန်ယူကြယ်ပွင့် အာမက်ဒီယဲလို appeared first on MySport Myanmar.