ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ဟာ ယခင်ကတည်းက သူနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေကြတဲ့ အင်္ဂလန်လက်ရွေးစင် အသင်းဖော်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကို ဥရောပဝင်ခွင့် ရရှိနိုင်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်အတွင်း အင်္ဂလန်အသင်းဖော်တွေနဲ့အတူ ရှိနေစဉ်မှာ သူနဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သလို သူ့ကို အလိုရှိနေတဲ့ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေတဲ့ အင်္ဂလန်အသင်းသားတွေနဲ့လည်း သူရဲ့အပြောင်းအရွှေ့ကိစ္စကို ပြောဆိုဖြစ်ခဲ့တယ်လို့ MEN ကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ရိုက်စ်ဟာ ယူနိုက်တက်အသင်းအကြောင်းနဲ့ပတ်သက်ပြီး သူရဲ့အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ မက်ဂွိုင်းရား လုခ်ရှောတို့ကို မေးမြန်းခဲ့တယ်လို့ သိရှိရသလို ရိုက်စ်ကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းမှာ ပါဝင်ကစားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်ကလည်း ရိုက်စ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး အသက်အရွှယ်အရ ခြေစွမ်းအကျဘက်ကို ရောက်ရှိလာခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ နီမန်ဂျာမာတစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ချိန်ရွှယ်နေသလို နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါလ်ပေါ့ဘာ အသင်းနဲ့ လမ်းခွဲသွားရင်လည်း သူ့နေရာမှာ ရိုက်စ်နဲ့ ပြန်လည်ဖြည့်တင်းချင်နေတာဖြစ်ပါတယ်။ ရိုက်စ်ဟာ ကွင်းလယ်ခံစစ်ပိုင်းမှာ အဓိက ပါဝင်ကစားတတ်သူဖြစ်သလို လိုအပ်ရင် ဗဟိုခံစစ်ကစားသမား အဖြစ်နဲ့လည်း ပြောင်းလဲကစားတတ်တာဖြစ်လို့ ခံစစ်ပိုင်း အားနည်းချက်တချို့ ရှိနေရတဲ့ ယူနိုက်တက်အသင်းအတွက် အမှန်တကယ် လိုအပ်မယ့် ကစားသမားမျိုး ဖြစ်နေရပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ရိုက်စ်ကို ခေါ်ယူဖို့အတွက် ဝက်စ်ဟမ်းဆီ အငှားချထားတဲ့ လင်ဂတ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အသုံးပြုသွားမယ်လို့လည်း သိရှိရပါတယ်။

The post မန်ယူကို ပြောင်းရွှေ့ဖို့အတွက် အင်္ဂလန်အသင်းဖော်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့ ဒီကလန်ရိုက်စ် appeared first on MySport Myanmar.