ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ရဲ့ လက်ကျန် ပွဲစဉ်မှာတော့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာအထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၇၁မိနစ်မှာ ကွင်းလယ်လူ ပေါ့ဘာက လှပတဲ့ မြေမကျ ကန်ချက်နဲ့အတူ သွင်းယူ ပေးခဲ့တာ ဖြစ်ပေမယ့် ဘန်လေအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အတော်ကို ပြောစရာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်မှုတွေ များနေပါတယ်။

Photo Credit: Metro

 

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ မက်ဂွိုင်းယားဟာ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ ပေါ့ဘာပြီးတဲ့နောက် ခြေစွမ်းအပြဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ပထမပိုင်း ပွဲကစားချိန် ၃၆မိနစ်မှာလည်း အသင်းအတွက် ခေါင်းတိုက်ဂိုး တစ်ဂိုး သွင်းယူ ပေးခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကီဗင် ဖရန့်ကတော့ မက်ဂွိုင်းယားဟာ တစ်ဖက် နောက်ခံလူ ပီတာကို ဖိထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆိုပါဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ရုပ်သံ အနှေးပြကွက်တွေ အရ ကြည့်မယ် ဆိုရင် မက်ဂွိုင်းယားဟာ ဘောလုံးလမ်းကြောင်းထဲကို ဦးစွာ ပြေးဝင်တဲ့ ကစားသမား ဖြစ်တာကြောင့် သူဟာ ပီတာကို ဖိထားခြင်း မရှိတာကို မြင်တွေ့ခဲ့ရသလို အင်္ဂလန် လက်ရွေးစင်အသင်း ၊ စတုတ်စီးတီး ၊ စပါး ၊ လီဗာပူး စတဲ့ ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး ပီတာခရော့ချ်ကလည်း ကွင်းလယ်ဒိုင် ဖရန့်ကို ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Metro

မက်ဂွိုင်းယားရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တာနဲ့ ပတ်သတ်ပြီး ပီတာခရော့ချ်က “ တကယ်လို့ သူ သွင်းယူတဲ့ သွင်းဂိုးကိုသာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်မယ် ဆိုရင် ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေက အရမ်းကို နည်းသွားမှာပါ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ ရေးသားကာ ကွင်းလယ်ဒိုင်ကို ဝေဖန် သွားခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ အသင်းဖော် တစ်ဦးဖြစ်သလို ဘန်လေနဲ့ ပွဲစဉ်မှာ ယူနိုက်တက် အတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ ပေါ့ဘာကလည်း မက်ဂွိုင်းယားရဲ့ သွင်းဂိုးကို ပယ်ဖျက်တာဟာ အတော်ကို အံ့အားသင့်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ပေါ့ဘာက “ကျွန်တော်တို့ သာ ဒီပွဲကို နိုင်မယ် ဆိုရင် ဇယားထိပ်ကို တက်နိုင်မှာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တည်ငြိမ်စွာ ကစားခဲ့ကြပါတယ်။ အခုချိန် ကတော့ ကျွန်တော်တို့တွေ အဆင်သင့် ဖြစ်ရမယ်။ မက်ဂွိုင်းယားရဲ့ သွင်းဂိုးက ကျိန်းသေပေါက် ဂိုးပေးရမယ့် အလုံးပါ။ အဲ့ဒါက လှပတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် ကတော့ ဒါကို ပယ်ဖျက်ခဲ့ပါတယ်။ တကယ်ကို ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ပါ” ဆိုပြီး ပြောကြား သွားပါတယ်။

The post မက်ဂွိုင်းယားရဲ့ဂိုးကို ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင်အား ဝေဖန်ခဲ့တဲ့ ခရော့ချ်နဲ့ ပေါ့ဘာ appeared first on MySport Myanmar.