လာမယ့်ဇွန်လ (၁၃)ရက်နေ့ကစတင်ပြီး အာဂျင်တီးနားနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံတို့မှာ ပူးတွဲကျင်းပသွားဖို့ စီစဉ်ထားတဲ့ တောင်အမေရိကရဲ့ နာမည်ကျော်ဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲကတော့ လက်ရှိမှာ အာဂျင်တီးနားတစ်နိုင်ငံတည်းအတွင်းမှာပဲ ပြိုင်ပွဲကို ဆက်လက်ကျင်းပသွားရဖွယ် ရှိလို့နေပြီး ကိုလံဘီယာနိုင်ငံကတော့ ကိုဗစ်ဂယက်တွေနဲ့ နိုင်ငံအတွင်း ဆန္ဒပြုမှုတွေကြောင့် ကိုပါအမေရိကပွဲကြီးကို ဆက်လက်ကျင်းပနိုင်ခြင်း မရှိနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

Photo Credit : Marca

ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဇွန်(၁၂)ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲဟာ ကိုဗစ်အခြေအနေတွေကြောင့် ၂၀၂၁ခုနှစ်အထိ ပြောင်းလဲကျင်းပလိုက်ရတဲ့အပြင် လက်ရှိအခြေအနေမှာလည်း ဒီပြိုင်ပွဲကို ပူးတွဲကျင်းပဖို့ရှိနေတဲ့ ကိုလံဘီယာနိုင်ငံအတွင်း ပြည်တွင်းရေးအခြေအနေတွေက မငြိမ်သက်တာကြောင့် အာဂျင်တီးနားတစ်နိုင်ငံတည်းသာ ပြိုင်ပွဲကို ဆက်လက်ကျင်းပရဖွယ် ရှိနေပါတယ်။ ကိုလံဘီယာနိုင်ငံက လက်ရှိမှာ အစိုးရကို ဆန္ဒပြနေတဲ့ ဖြစ်စဉ်တွေ ရှိနေတာကြောင့် ကိုပါအမေရိကပြိုင်ပွဲကို ကျင်းပနိုင်ဖို့ မလွယ်ကူတော့ပဲ နောက်ဆုံးမှာတော့ CONMEBOL ဘက်ကနေ ကိုလံဘီယာကို ပြိုင်ပွဲပူးတွဲကျင်းပမယ့် နိုင်ငံအဖြစ်ကနေ ဖယ်ရှားလိုက်ရပါတယ်။

Photo Credit : The New York Times

ကိုလံဘီယာနိုင်ငံအတွင်း ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းကနေ စတင်ခဲ့တာဖြစ်ပြီး ကိုလံဘီယာအစိုးရကနေ အခွန်အကောက်ဆိုင်ရာမှာ ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေကနေ မကျေမနပ် ဖြစ်လာခဲ့ရင်း ဆန္ဒပြမှုတွေ ဖြစ်ပွားလာခဲ့ရတာဖြစ်ပါတယ်။ (၃)ပတ်တာကာလအတွင်း ကိုလံဘီယာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေပေါ်မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုတွေကြောင့် လူပေါင်းအယောက်(၄၀)လောက် သေဆုံးခဲ့ရတာကြောင့် ဒီလိုအခြေအနေရှိနေတာကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ကနေ သေချာစမ်းစစ်ပြီးနောက်မှာ ကိုပါအမေရိကကို ကျင်းပဖို့မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်လာခဲ့ရတာဖြစ်ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲကို ဥရုဂွေးလက်ရွေးစင်အသင်းက အကြိမ်ရေအများဆုံးနဲ့ ဗိုလ်စွဲထားခဲ့ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လို့နေပြီး ဘရာဇီးကတော့ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအဖြစ်နဲ့ ရပ်တည်လို့နေပါတယ်။

The post ဆန္ဒပြမှုတွေကြောင့် ကိုပါအမေရိကပြိုင်ပွဲကို မကျင်းပနိုင်တော့တဲ့ ကိုလံဘီယာနိုင်ငံ appeared first on MySport Myanmar.