အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကတော့ သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားပါတယ်။ အသက် ၂၀ နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ဩစတီးယားကလပ် ဆဲလ်ဘက် အသင်းနဲ့အတူ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ စတင် တောက်ပလာသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီ မှာလည်း ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲအထိ ပါဝင် ကစားပေးထားကာ ၁၉ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားပါတယ်။

Photo Credit: Express

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းကျော် အသုံးပြုကာ အသင်းကို အင်အား ဖြည့်တင်းခဲ့ပေမယ့် လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတာကြောင့် အသင်းရဲ့ နောက်ဆုံး အားနည်းချက် တစ်ခုဖြစ်တဲ့ အထောင်တိုက်စစ်ပိုင်း ကို အင်အား ဖြည့်တင်းဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ အထောင်တိုက်စစ်မှာ ဂျရူးနဲ့ အေဗရာဟမ်တို့ နှစ်ဦးထဲသာ ရှိကာ အရွယ်လွန် တိုက်စစ်မှူး ဖြစ်တဲ့ ဂျရူးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိသလို အေဗရာဟမ်ရဲ့ ခြေစွမ်းကလည်း အသင်းရဲ့ ဆုဖလားတိုင်း ကို စိန်ခေါ်မယ့် အိမ်မက်ကို ဖြည့်တင်းပေးနိုင်တဲ့ အနေအထားမှာ မရှိတာကြောင့် ချယ်လ်ဆီးအသင်းဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမှာပါ။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ချယ်လ်ဆီး အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ဥရောပ ထိပ်သီးအသင်းကြီးတွေနဲ့ အပြိုင် ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပြီး ဟာလန်းကို ခေါ်ယူရာမှာ အသင်းရဲ့ သမိုင်းတစ်လျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးကို သုံးစွဲသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၇၅သန်းကို ပေးချေကာ ဟာလန်းကို ခေါ်ယူနိုင်မှာ ဖြစ်ပြီး ချယ်လ်ဆီးအသင်း ကတော့ လက်ရှိ အချိန်မှာ သူတို့အသင်းရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၀သန်းထက် ပိုမို များပြားတဲ့ ပမာဏ တစ်ခုကို ပေးချေကာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကာ ပြောင်းရွှေ့ကြေးဟာ ယူရို ၁၀၀သန်း ဖြစ်နိုင်ကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။

The post ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် ချယ်လ်ဆီး appeared first on MySport Myanmar.