အခုနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့အတွက် ပြင်ဆင်လျက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းကို အသင်းဆီ အရခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၃၃)သန်းနဲ့ ထပ်မံကမ်းလှမ်းသွားဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားက တိုက်စစ်ကစားသမားမဟုတ်ပဲ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဖြစ်နေသလို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တီမိုဗာနာက (၆)ဂိုး အေဘရာဟမ်က (၆)ဂိုး ဟားဗက်ဇ်က (၄)ဂိုးနဲ့ ပူလီဆစ်ကလည်း (၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့အတွက် ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။ ဒီလို တိုက်စစ်အားကောင်းဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းကို အဓိကပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းအနေနဲ့ ဟာလန်းကို ခေါ်ယူဖို့အတွက် အသင်းရဲ့ တိုက်စစ်ကစားသမား(၂)ယောက်ဖြစ်တဲ့ တမ်မီအေဘရာဟမ်နဲ့ အိုဒွိုင်းတို့ကို အလိုက်ပေး ကမ်းလှမ်းထားခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို ဒေါ့မွန်ဘက်ကနေ ပယ်ချထားခဲ့တာကြောင့် ချယ်လ်ဆီးဘက်ကနေ နောက်ထပ်ကမ်းလှမ်းမှုတစ်ခုကို ထပ်မံလုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့စဉ်တုန်းက သူရဲ့စာချုပ်လျော်ကြေးအဖြစ် ပေါင်(၆၅)သန်းနဲ့ သဘောတူထားခဲ့တာဖြစ်ပေမယ့် အဲ့ဒီစာချုပ်လျော်ကြေးက လာမယ့် ၂၀၂၂ခုနှစ်မှသာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ပေါင်(၆၅)သန်း ဖြစ်သွားတဲ့အချိန်မှာ ဟာလန်းကို အခြားသော ကလပ်အသင်းတွေကပါ အပြိုင်ကမ်းလှမ်းကြမှာဖြစ်လို့ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အရခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းအတွက် ချယ်လ်ဆီးဘက်ကနေ ယူရိုသန်း(၁၅၀) (စတာလင်ပေါင် ၁၃၃သန်း) နဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ထပ်မံကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒေါ့မွန်ဘက်က ဂျေဒန်ဆန်ချိုကို လက်လွတ်ထားရတာဖြစ်လို့ ဟာလန်းကိုပါ ထပ်မံလက်လွတ်ဖွယ် မရှိနိုင်ပဲ နောက်တစ်ရာသီခန့်လောက် အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။