ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းကျော်ကို သုံးစွဲခဲ့ကာ အသင်းကို အင်အား ဖြည့်တင်းခဲ့ပေမယ့် ထိုက်သင့်သလောက် စွမ်းဆောင်ပြထားနိုင်ခြင်း မရှိတဲ့ အသင်းရဲ့ နည်းပြ လမ်းပတ်ရဲ့ နေရာမှာ အစားဝင်နိုင်မယ့် နည်းပြတွေကို စတင် ရှာဖွေနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန‌တွေက ဖော်ပြ သွားကြပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ လမ်းပတ်ဟာ ချယ်လ်ဆီး အသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကိုင်တွယ်ခဲ့သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ချယ်လ်ဆီးနည်းပြ ဘဝ ပထမဦးဆုံး ရာသီမှာ ကစားသမားသစ် ခေါ်ယူခြင်း မရှိပဲ ရှိရင်းစွဲ ကစားသမားတွေနဲ့သာ အသင်းကို အကောင်းဆုံး ထိန်းကျောင်းပြခဲ့သူပါ။

Photo Credit: Express

ဒါ့ကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လမ်းပတ်ရဲ့ လက်အောက်မှာ အောင်မြင်လာမယ် လို့ ယူဆမှုတွေ ရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီ မှာတော့ ချယ်လ်ဆီးအသင်းဟာ အရေးပါတဲ့ ပွဲစဉ်တိုင်းမှာ အတော်ကို အမှားအယွင်းတွေ ပြုလုပ်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၄ပွဲရှုံး ဆိုတဲ့ ဆိုးဝါးတဲ့ ရလဒ်တွေ ရရှိနေပါတယ်။ အဆိုပါ ရလဒ်ဆိုးတွေကြောင့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ မကြာခင်မှာ ထုတ်ပယ် ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာသလို နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက် အရ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြနေရာ အတွက် လျာထားတဲ့ နည်းပြစာရင်းကိုတောင် ပြုစုထားပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Express

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီနီ ၊ ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ် ၊ ဆောက်သမ်တန် နည်းပြ ဟက်ဆယ်ပပ်ဖ် ၊ လိုက်ပ်ဇက်နည်းပြ နစ်ဂယ်စမန်း ၊ လက်စတာနည်းပြ ရော်ဂျာတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေကြောင်း သိရပြီး နစ်ဂယ်စမန်းနဲ့ ရော်ဂျာတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစား နေပါတယ်။ တက်သစ်စ ဂျာမန် နည်းပြတစ်ဦး ဖြစ်တဲ့ နစ်ဂယ်စမန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇက်အသင်း ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ ပို့ဆောင်ပေးနိုင်တဲ့ နည်းပြတစ်ဦး ဖြစ်သလို ရော်ဂျာကလည်း လက်ရှိ ဘောလုံးရာသီမှာ လက်စတာအသင်းကို ချန်ပီယံလမ်းကြောင်းပေါ် ရောက်အောင် စွမ်းဆောင် ပေးထားတဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ ချယ်လ်ဆီး အသင်းဟာ ရာသီကုန်မှာ သူတို့နှစ်ဦးထဲက တစ်ဦးဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိနေပြီး ရာသီဝက် ကာလမှာ လမ်းပတ်ကို ထုတ်ပယ်မယ် ဆိုရင်တော့ အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ဂရန့်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖွယ် ရှိပါတယ်။

The post နည်းပြလောင်း စာရင်းထဲမှာ ရော်ဂျာနဲ့ နစ်ဂယ်စမန်းကို ထည့်သွင်းလာတဲ့ ချယ်လ်ဆီး appeared first on MySport Myanmar.