လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်လျှော့ခဲ့ရတဲ့ အကြောင်းအရင်း အမှန်ဟာ ယနေ့မနက်အစောပိုင်းမှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့ရာ ဟာလန်းကို သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ယူရို ၁၅၀သန်း ဝန်းကျင်နဲ့ တရားဝင် ကမ်းလှမ်းမှု တခုပါ ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit: Standard

ဒါပေမယ့် ဟာလန်းကို ခေါ်ယူရာမှာ ချယ်လ်ဆီးအသင်းအား အခက်တွေ့စေတဲ့ အချက်ဟာ ပြောင်းရွှေ့ကြေး မဟုတ်ခဲ့ပဲ ဟာလန်းဘက်က တောင်းဆိုတဲ့ လုပ်ခလစာနဲ့ ဟာလန်းရဲ့ အေးဂျင့် ရိုင်းအိုလာကို ပေးရမယ့် အေးဂျင့်ခတွေ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

နာမည်ကြီး သတင်းဌာနတွေ အားလုံးရဲ့ တညီတညွတ်ထဲ ဖော်ပြချက်အရ ဟာလန်းက ချယ်လ်ဆီးအသင်းဟာ သူ့ကို ခေါ်ယူချင်ပါက တပတ် လုပ်ခလစာ ပေါင် ၈၂၀၀၀၀ အထိ ပေးရမယ်လို့ တောင်းဆိုခဲ့သလို သူ့ရဲ့ အေးဂျင့် ရိုင်းအိုလာကလည်း အေးဂျင့်ခ ပေါင်၃၄သန်း အထိ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးအသင်းဟာ ဟာလန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၆၀သန်း ဝန်းကျင် အထိ ပေးချေဖို့ လိုလားပေမယ့် ကစားသမား တဦးကို လုပ်ခလစာ ပေါင် ၈၂၀၀၀၀ အထိ ပေးချေဖို့ ဆန္ဒမရှိတာကြောင့် ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားမှုအား လက်လျှော့ခဲ့တာ ဖြစ်ပြီး ဟာလန်းအစား အသင်းရဲ့ ကစားသမားဟောင်း လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ အစားထိုး ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။