ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဗဟိုခံစစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ လတ််တလောမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်နောက်ခံကစားသမား ဇူလာကို အရခေါ်ယူသွားနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိနေပြီး အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : BeSoccer

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ဇူလာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်ဖြစ်ပေမယ့်လည်း ကိုဗစ်ကာလအတွင်း ဘိုင်ယန်အသင်းဘက်မှာ ဘဏ္ဍာရေးအကျပ်အတည်း အနည်းငယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ဇူလာကို ရောင်းချဖို့အထိ ပြင်ဆင်လာခဲ့သလို အသင်းက တာဝန်ရှိသူတချို့ကလည်း ကစားသမားရဲ့ စိတ်နေစိတ်ထားအပေါ် သဘောကျ ဖြစ်နေတဲ့အတွက် ဇူလာနဲ့ လက်တွဲဖြုတ်ချင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဥရောပရဲ့ အတွေ့အကြုံရင့် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဇူလာကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ထိပ်ဆုံးကနေ ပါဝင်လို့နေပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေစျေးကွက်မှာ အသင်းရဲ့ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းသွားဖို့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို စတင်ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့်လည်း အလာဘာရဲ့လစာပမာဏက မြင့်မားလွန်းနေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မက််ဒရစ်အသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် နောက်ထပ်ဘိုင်ယန်ခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ ဇူလာကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဇူလာကတော့ လာမယ့် ၂၀၂၂ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဘိုင်ယန်ဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ အဆင်မပြေနိုင်တော့ဘူးဆိုရင် နွေစျေးကွက်အတွင်းမှာ မဖြစ်မနေ ရောင်းချရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဘိုင်ယန်အနေနဲ့ ဇူလာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာဖြစ်လို့ ဇူလာအနေနဲ့ ဘိုင်ယန်မှာ ဆက်ရှိဖို့ကာ မရေမရာသာ ဖြစ်လာခဲ့ရပါတယ်။ ဇူလာရဲ့လက်ရှိတန်ကြေးက ပေါင်သန်း(၄၀)ဝန်းကျင်လောက် ရှိနေပေမယ့်လည်း Todo Fichajes ကနေ ဖော်ပြချက်ထဲမှာတော့ ချယ်လ်ဆီးဘက်က ဇူလာအတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းခန့်နဲ့ စတင်ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

The post ဘိုင်ယန်နောက်ခံလူ ဇူလာကို ခေါ်ယူဖို့အတွက် အသေအချာ ကြိုးပမ်းလျက်ရှိနေတဲ့ ချယ်လ်ဆီး appeared first on MySport Myanmar.