ဒီနှစ် နွေစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားများစွာကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလို့နေတဲ့ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့အပြင် အသင်းမှာ အတော်လေးကို ခြေစွမ်းပြခဲ့ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ အီဒင်ဟာဇက်ကိုပါ ရီးယဲလ်မက်ဒရစ်အသင်းကနေ ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ စပိန်နာမည်ကြီး သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

အသက်(၃၀)အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ၂၀၁၂ခုနှစ်ကမှ လီဂူးကလပ် လိုင်လီအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၇)နှစ်နီးပါးလောက် ကျင်လည်ခဲ့ကာ ပရီးမီးယားလိဂ် ယူရိုပါလိဂ် အက်အေဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့လို အသင်းလိုက် အောင်မြင်မှုတွေအပြင် PFA တစ်နှစ်တာအကောင်းဆုံးဆုလို့ တစ်ဦးချင်းအောင်မြင်မှုတွေကိုလည်း များစွာရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်ဟာ ၂၀၁၉ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ သူနဲ့ သတင်းတွေ အရမ်းထွက်နေတဲ့ ရီးယဲလ်အသင်းဆီကို ယူရိုသန်းတစ်ရာဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : AS

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း စပိန်မြေမှာတော့ လုံးဝခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သလို ဒဏ်ရာပြသာနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပြီး ရီးယဲလ်မှာ ပါဝင်ကစားခဲ့ရတဲ့ (၂)ရာသီအတွင်း ပွဲပေါင်း(၄၃)ပွဲသာ ပါဝင်ခဲ့ရသလို စုစုပေါင်းသွင်းဂိုး (၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ်ကိုသာ ပြုလုပ်ထားနိုင်ခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေနဲ့အတူ ဟာဇက်ရဲ့တန်ကြေးဟာလည်း ကျဆင်းသွားခဲ့ရပြီး Transfermarket မှာ ဖော်ပြထားချက်အရဆိုရင် ဟာဇက်ရဲ့ လက်ရှိတန်ကြေးက ယူရိုသန်း(၄၀)ခန့်သာ ရှိနေရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟာဇက်ကို သူရဲ့အသင်းဟောင်း ချယ်လ်ဆီးဘက်ကနေ ပြန်လည်ခေါ်ယူသွားချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း သူ့အတွက် အဆင်မပြေနိုင်တော့ စပိန်မြေကို စွန့်ခွာချင်နေပြီး အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းချင်နေတယ်လို့ သိရှိရပါတယ်။ ဟာဇက်က ရီးယဲလ်မှာ တစ်ပတ်ကို ပေါင်(၄)သိန်းလောက် ရရှိနေတာဖြစ်ပေမယ့်လည်း အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိလာမယ်ဆိုရင် လစာလျှော့ယူသွားဖွယ်လည်း ရှိနေတယ်လို့ AS သတင်းစာကနေ အကျယ်တဝင့် ဖော်ပြထားပါတယ်။