ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီကတော့ မနေ့ညက သူရဲ့အသင်းဟောင်း လက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာအနာတရ ရရှိသွားခဲ့တာကြောင့် ပွဲကိုဆက်လက်ကစားနိုင်ခြင်း မရှိတော့ပဲ ကိုဗာဆစ်နဲ့ လူစားလဲခဲ့လိုက်ရတာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားဖို့ရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ မကြာခင် ယူရိုပြိုင်ပွဲကို ဆင်နွဲရတော့မယ့် ပြင်သစ်အသင်းအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့အပြင် ယူရို-၂၀၂၀ ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲသွားမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ ကန်တီဟာ လက်စတာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန် (၃၂)မိနစ်မှာပဲ ဒဏ်ရာကြောင့် ပွဲကိုဆက်လက်ကစားဖို့ အဆင်မပြေနိုင်တော့တဲ့အတွက် ကိုဗာဆစ်နဲ့ လူစားလဲခဲ့ရပြီး ဒဏ်ရာအခြေအနေက အခုအချိန်ထိ အတိအကျ မသိရှိရသေးပဲ ဖြစ်နေပါတယ်။

Photo Credit : Football.London

ကွင်းလယ်ကစားသမား ကန်တီဟာ ဒီနှစ်ရာသီအတွင်း တံကောက်ကြောဒဏ်ရာကို ခံစားထားခဲ့ရသူဖြစ်ပြီး ဒဏ်ရာကနေ သက်သာထားခဲ့တာဖြစ်ပေမယ့်လည်း သူရဲ့ကြံခိုင်မှုအပိုင်းက အခုထိ ရာနှုန်းပြည့်ကောင်းမွန်မှု မရှိသေးပဲ လက်စတာနဲ့ပွဲမှာလည်း သူကိုယ်တိုင် သူရဲ့တံကောက်ကြောဒဏ်ရာ ပြန်ဖြစ်လာမှာကို စိုးရိမ်နေတဲ့အတွက် ပွဲကိုဆက်မကစားဖို့ ဆုံးဖြတ်လိုက်ရတာလို့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ပြောဆိုလာခဲ့ပါတယ်။ တူဟယ်လ်က “အန်ဂိုလိုက ဒဏ်ရာရသွားတာ မဟုတ်ပါဘူး။ သူ ကျွန်တော့်ကို ပြောတယ်။ သူက ပြင်သစ်အသင်းအတွက်ကို ပါဝင်ကစားပေးချင်တာကို ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ဒဏ်ရာအနာတရ ပြန်မရခင်မှာ လူစားလဲစေချင်ခဲ့တာပါ။ သူက သူရဲ့တံကောက်ကြောဒဏ်ရာ ပိုဆိုးလာမှာကို ခံစားနေရပြီး တကယ်လို့ ဆက်ပြီးကစားမယ်ဆိုရင် ဒဏ်ရာရသွားမှာကို စိုးရိမ်နေခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တကယ်လို့ ကန်တီရဲ့ တံကောက်ကြောဒဏ်ရာသာ ပြန်လည်ခံစားလာရမယ်ဆိုရင်တော့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို ဆင်နွဲရဦးမယ့် ချယ်လ်ဆီးအသင်းအတွက်ရော ယူရိုပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ပြင်သစ်အသင်းအတွက်ပါ ခေါင်းခြောင်စရာ ဖြစ်လာနိုင်ပါတယ်။

The post ချယ်လ်ဆီးအတွက်ရော ပြင်သစ်အသင်းအတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့တဲ့ ကန်တီရဲ့ဒဏ်ရာပြသာနာ appeared first on MySport Myanmar.