မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်ဥရုဂွေး တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီဟာ လက်ရှိ အသင်းမှာ အထိုက်အလျောက် ခြေစွမ်းပြသလျက်ရှိနေတယ်ဆိုပေမယ့် သူရဲ့စာချုပ်သက်တမ်းအရဆိုရင်တော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်နေသလို သူ့ကို ခေါ်ယူခဲ့စဉ်တုန်းက စာချုပ်ထဲမှာ ထည့်သွင်းထားခဲ့တဲ့ ထပ်တိုးတစ်နှစ်စာချုပ်ချုပ်ဆိုခွင့်ကို ယူနိုက်တက်ဘက်ကနေ စတင်လုပ်ဆောင်ခြင်း မရှိသေးပဲ ကာဗာနီကိုယ်တိုင်ကတော့ အသင်းနဲ့ လမ်းမခွဲချင်သေးပဲ အသင်းမှာပဲ ဆက်လက်ရှိနေချင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

မကြာသေးခင်ကမှ အသက်(၃၄)နှစ် ပြည့်မြောက်သွားခဲ့တဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ တစ်နှစ်စာချုပ်အပြင် ထပ်တိုးတစ်နှစ်စာချုပ်ကိုပါ ချုပ်ဆိုခဲ့ပါတယ်။ အတွေ့အကြုံကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ ကာဗာနီဟာ ယူနိုက်တက်မှာ စိတ်ကျေနပ်စရာကောင်းလောက်တဲ့ ခြေစွမ်းမျိုးတွေကို ပြသထားခဲ့တာကြောင့် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားက သူ့ကို အသင်းမှာ ဆက်ထိန်းသိမ်းထားချင်နေပေမယ့်လည်း အသင်းဘက်ကတော့ အခုချိန်ထိ ထပ်တိုးတစ်နှစ်ချုပ်ဆိုခွင့်ကို အသက်သွင်းခြင်းတွေ မလုပ်ဆောင်ချင်သေးပဲ ရှိနေပါတယ်။

Photo Credit : Sky Sports

ကာဗာနီဟာ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဘောလုံးရာသီမှာပဲ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း (၆)ဂိုး သွင်းယူထားခဲ့ပြီး (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၄)ပွဲမှာလည်း သွင်းဂိုးပေါင်း (၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ကာဗာနီဟာ နောက်ပိုင်းပွဲစဉ်တွေမှာလည်း ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်တွေ ဆက်တိုက်ရရှိလို့နေပြီး နည်းပြဆိုးလ်ရှားကလည်း ကာဗာနီကို အသင်းမှာ နောက်ထပ်တစ်ရာသီလောက် ထပ်မံထိန်းသိမ်းထားချင်နေပါတယ်။ ကာဗာနီဟာ လက်ရှိမှာ သူရဲ့စာချုပ်သက်တမ်းအရ (၄)လဝန်းကျင်သာ ကျန်ရှိနေတော့ပြီး ကာဗာနီကိုယ်တိုင်ကလည်း သူရဲ့ယူနိုက်တက်ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းလိုနေပြီး စာချုပ်ထဲမှာ ပါဝင်နေတဲ့ ထပ်တိုးတစ်နှစ်စာချုပ်ကို ချုပ်ဆိုချင်နေပါတယ်။ ဒါပေမယ့် ကာဗာနီဟာ လတ်တလောမှာတော့ ကြွက်သားဒဏ်ရာပြသာနာကြောင့် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။

The post ယူနိုက်တက်အသင်းမှာပဲ ဆက်လက်ပါဝင်ကစားချင်နေသေးတယ်လို့ ဆိုလာခဲ့တဲ့ ကာဗာနီ appeared first on MySport Myanmar.