မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီက ဒီနှစ်ဘောလုံးရာသီအကုန်မှာ သူယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့စဉ်တုန်းက ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်ထဲကလို တစ်နှစ်ထပ်တိုးမလား ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ပြီး သူငယ်စဉ်ကတည်းက နှစ်သက်အားပေးခဲ့ရတဲ့ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့သွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး လက်ရှိအခြေအနေတွေအရတော့ တောင်အမေရိကကို သွားရောက်ဖို့ကပဲ ပိုအလေးသာလျက် ရှိနေပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ နာပိုလီ ပီအက်စ်ဂျီအသင်းတွေမှာ ကျင်လည်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာပဲ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ကာဗာနီဟာ သူရဲ့အသင်းသစ်မှာ ပြိုင်ပွဲစုံ သွင်းဂိုး(၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းမှာ ပွဲထွက်ကစားခွင့်တွေကို အကန့်အသတ်နဲ့သာ ရရှိနေသလို အင်္ဂလန်မြေရဲ့ ရာသီဥတုနဲ့လည်း အကျွမ်းတဝင် မဖြစ်နိုင်သေးတာကြောင့် ယူနိုက်တက်နဲ့ ဆက်လက်လက်တွဲသွားဖို့က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေရှိနေတဲ့ ကာဗာနီကို အာဂျင်တီးနားထိပ်သီး ဘောလုံးကလပ်အသင်းဖြစ်တဲ့ ဘိုကာဂျူနီယာဘက်ကနေ စတင်ချဉ်းကပ်လာခဲ့ပြီး ယခင်က ယူနိုက်တက်မှာ ကာဗာနီနဲ့ အသင်းဖော်ဖြစ်ခဲ့ပြီး လက်ရှိဘိုကာဂျူနီယာ ကစားသမားတစ်ယောက်ဖြစ်နေတဲ့ နောက်ခံလူ မားကို့စ်ရိုဟိုကလည်း သူရဲ့အသင်းဆီကို ကာဗာနီ ရောက်ရှိလာစေချင်နေပါတယ်။ ရိုဟိုက “ကျွန်တော် ကာဗာနီနဲ့ စကားတွေများစွာ ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့က မန်ချက်စတာမှာလည်း (၅)လလောက် အတူတွဲဖက်ကစားခဲ့ဖူးပါတယ်။ သူက တကယ့်ကို လူကောင်းသူကောင်းတစ်ယောက်ပါ။ ကျွန်တော်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်။ ကျွန်တော် ဒီကိုရောက်ရှိလာတော့ ဒီကအကြောင်းတွေကို သူမေးမြန်းလာပါတယ်။ အသင်းဘက်ကလည်း ကာဗာနီလို ဥရုဂွေးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက် ထိပ်တန်းကလပ်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ကို သူတို့အသင်းမှာ လာရောက်ကစားစေချင်ကြောင်း ပြောဆိုလာခဲ့တယ်။ ဘိုကာကို လာရောက်ကစားဖို့ ဖြစ်နိုင်ခြေရှိလားမေးတော့ သူက ရီကွမ်မီနဲ့ စကားပြောဆိုထားကြောင်းနဲ့ အသင်းဆီကို လာရောက်ဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေကြာင်းကို ပြန်လည်ပြောဆိုခဲ့ပါတယ်။ သူ ဒီကိုလာရောက်ဖို့အတွက် သူ့မိသားစုနဲ့အတူ ဆုံးဖြတ်ချက်ချပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post ကာဗာနီက ဘိုကာဂျူနီယာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ ရိုဟိုဖွင့်ဟပြောဆိုလာခဲ့ appeared first on MySport Myanmar.