မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီက ဒီနောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် သွင်းဂိုးတွေကို ခပ်စိတ်စိတ်လေး သွင်းယူနေနိုင်ပြီး ခြေစွမ်းကောင်းတွေ ပြသနေပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စမှာတော့ ကြန့်ကြာလျက်ရှိနေပြီး ကစားသမားဘက်ကတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ထက် ဥရောပကနေထွက်ခွာပြီး တောင်အမေရိကမှာပဲ ဘောလုံးသမားဘဝကို ရှေ့ဆက်ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Japan Times

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အကောင်းဆုံး ကစားပေးထားနိုင်ပြီး ပြိုင်ပွဲစုံမှာလည်း သွင်းဂိုးပေါင်း (၁၀)ဂိုးအထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုကိုလည်း (၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ထားနိုင်တဲ့ ကာဗာနီကို ယူနိုက်တက်ဘက်ကနေ သက်တမ်းတိုးသွားချင်နေပေမယ့် ကစားသမားဘက်ကတော့ အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Times

ကာဗာနီဟာ လွန်ခဲ့တဲ့ လပိုင်းလောက်ကတည်းက သူငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ တောင်အမေရိက ထိပ်သီးကလပ်အသင်း ဘိုကာဂျူနီယာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကာဗာနီကိုယ်တိုင်ကလည်း အင်္ဂလန်မှာ နေထိုင်ရတာကို စိတ်တိုင်းမကျ ဖြစ်နေတဲ့အတွက် ဘိုကာဂျူနီယာအသင်းဆီ ပြောင်းရွှေ့ဖိို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ဘိုကာဂျူနီယာဘက်ကနေလည်း ကာဗာနီကို ခေါ်ယူနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းလျက်ရှိနေသလိို ဘိုကာကို ရောက်ရှိနေတဲ့ ယူနိုက်တက် နောက်ခံလူဟောင်း မားကို့စ်ရိုဟိုကလည်း သူရဲ့အသင်းဖော်ဟောင်း ကာဗာနီအနေနဲ့ ဘိုကာဂျူနီယာကို လာရောက်ချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ ကာဗာနီကို ခေါ်ယူခဲ့ရာမှာ တစ်နှစ်ပဲ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စာချုပ်အတွင်းမှာတော့ နောက်ထပ် ထပ်တိုးတစ်နှစ် ချုပ်ဆိုနိုင်ခွင့်ကိုပါ ထည့်သွင်းထားတာကြောင့် ဒီအချက်အလက်ကို အသုံးချပြီး တစ်နှစ်ထပ်မံ သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

The post သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနေပေမယ့်လည်း မန်ယူနဲ့ လက်တွဲဖြုတ်ဖွယ်သာရှိနေတဲ့ ကာဗာနီ appeared first on MySport Myanmar.