ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ် ကစားသမားဟောင်း ဆန်တီ ကာဇိုလာကတော့ လက်ရှိမှာ သူ ကစားနေတဲ့ အယ်လ်ဆတ် အသင်းရဲ့ နည်းပြတာဝန်ကို ယူထားတဲ့ ဘာစီလိုနာ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီဟာ ဘာစီလိုနာ အသင်းကို နည်းပြနိုင်ဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၄၀အရွယ် ရှိနေပြီ ဖြစ်တဲ့ စပိန်ဂန္တဝင် ကွင်းလယ်ကစားသမား ဖြစ်သူ ဇာဗီဟာ ၂၀၁၉ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ ကစားသမားဘဝမှာ သူ့ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ အသင်းဖြစ်တဲ့ အယ်လ်ဆတ် အသင်းကို ကိုင်တွယ်ကာ နည်းပြဘဝ စခဲ့တာ ဖြစ်ပြီး အယ်လ်ဆတ်အသင်းနဲ့ အတူ ကာတာဖလားကိုလည်း အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အထူးသဖြင့် ဇာဗီ ကိုင်တွယ်နေတဲ့ အယ်လ်ဆတ် အသင်းဟာ တစ်ချိန်က ဘာစီလိုနာ အသင်းနဲ့အတူ နာမည်ကျော်ကြားခဲ့တဲ့ တီကီတာကာ ကစားဟန်ကို အခြေခံထားတဲ့ ကလပ်အသင်း တစ်သင်း ဖြစ်ပြီး ကာတာကလပ် တစ်ခုကို နာမည်ကြီး တီကီတာကာ ကစားဟန်နဲ့ ကစားနိုင်အောင် သင်ကြား ပြသပေးခဲ့တဲ့ ဇာဗီရဲ့ အရည်အချင်းကိုလည်း ဥရောပ နာမည်ကြီး သတင်းထောက်တွေက ချီးကျူး ထားကြပါတယ်။ ဒါ့အပြင် ဇာဗီဟာ ယခုလမှာ ကျင်းပမယ့် ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌအသစ် ရွေးပွဲအပြီးမှာ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာလိမ့်မယ် လို့ ထင်ကြေး ပေးခံထားရသူ ဖြစ်ပြီး စပိန်လက်ရွေးစင် အသင်းမှာ ဇာဗီနဲ့အတူ ကစားခဲ့ဖူးသလို လက်ရှိမှာလည်း ဇာဗီရဲ့ လက်အောက်မှာ ကစားနေတဲ့ ကာဇိုလာ ကတော့ ဇာဗီဟာ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်ဖို့ ထိုက်တန်သူလို့ ဆိုသွားပါတယ်။

Photo Credit: Goal

ဒါ့အပြင် ကာဇိုလာက ဇာဗီဟာ ဘာစီလိုနာ အသင်းကို ကိုင်တွယ်နိုင်ဖို့ အခုထဲက ပြင်ဆင်မှုတွေ ပြုလုပ် ထားကြောင်းလည်း ဆိုသွားပါတယ်။ ကာဇိုလာက “ကစားသမား ဘဝက အနားယူပြီးနောက်မှာ သူက နည်းပြတစ်ဦး ဖြစ်လာဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက် သူက နည်းပြလုပ်ရတာကို နှစ်သက်သွားပြီး နည်းပြတစ်ဦး အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ်။ သူက ကျွန်တော့်အတွက် စံနမူနာကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း ကစားသမား ဘဝကနေ အနားယူပြီးရင် သူ့လိုမျိုး အသင်းတစ်သင်းကို ကိုင်တွယ်ဦးမှာပါ။ သူက နည်းပြတစ်ဦး ဖြစ်လာဖို့ အတွက် အရည်အချင်း ပြည့်မီတဲ့ လူပါ။ သူက မနက်ဖြန် မှာ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် အဖြစ် လုပ်ကိုင်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူက ဘာစီလိုနာ အသင်းရဲ့ နည်းပြရာထူးကို လက်ခံဖို့ ပြင်ဆင်နေတယ် လို့ ကျွန်တော် ထင်ပါတယ်။ သူက ကစားသမားတွေ အကြောင်းကို ကောင်းကောင်း သိသလို ကစားသမားတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကိုလည်း သိပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

The post ဇာဗီဟာ ဘာစီလိုနာ နည်းပြရာထူးနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ဆိုလာတဲ့ ကာဇိုလာ appeared first on MySport Myanmar.