ဒီနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဥရောပထိပ်သီး ကလပ်အသင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ ဆယ်ကျော်သက်အရွှယ် ပြင်သစ်လူငယ် ကွင်းလယ်ကစားသမားလေး အက်ဒွါဒိုကာမာဗင်ဂါက သူနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းထက် လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာအသင်းတို့ကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၁၈)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကစားသမားလေး ကာမာဗင်ဂါဟာ ရန်းစ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ရန်းစ်စီနီယာအသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့သလို တစ်နှစ်လောက်အကြာမှာပဲ ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ ရန်းစ်အသင်းအတွက် (၂)ရာသီဆက်တိုက် ပြိုင်ပွဲစုံပွဲပေါင်းများစွာ ပါဝင်ကစားနိုင်ခဲ့တဲ့ ကာမာဗင်ဂါဟာ လက်ရှိမှာတော့ ရန်းစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပြီး သူ့ဘက်ကလည်း အသင်းနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်တဲ့အတွက် ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားရတော့မှာဖြစ်ပါတယ်။

 

Photo Credit : Manchester Evening News

ဒီလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ကာမာဗင်ဂါကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးကနေ ပါဝင်နေသလို အသင်းနဲ့ လမ်းခွဲသွားဖို့ သေချာသလောက်ကို ရှိနေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့နေရာမှာ ကာမာဗင်ဂါနဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကာမာဗင်ဂါနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ ကာမာဗင်ဂါဟာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိပဲ စပိန်လာလီဂါရဲ့ နာမည်ကျော် ကလပ်အသင်းတွေဖြစ်တဲ့ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ပါဝင်ကစားချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကလပ်အသင်းတွေက လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ကာမာဗင်ဂါကို အခုစျေးကွက်အတွင်း ခေါ်ယူဖို့က ဖြစ်နိုင်ခြေနည်းနေပြီး လာမယ့်နွေမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေရပါတယ်။ ရန်းစ်အသင်းကလည်း သူတို့ရဲ့ ကစားသမားကို ပြောင်းရွှေ့ကြေးတချို့နဲ့သာ လက်လွတ်သွားချင်တာကြောင့် ကစားသမားအနေနဲ့ သူ တကယ်ပြောင်းရွှေ့ချင်နေတဲ့ အသင်းတွေထက် တခြားသော အသင်းတစ်သင်းဆီကိုသာ ရောက်ရှိရဖွယ် ရှိနေပါတယ်။