ယမန်နေ့ညမှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့် အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ထပ်မံ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်က ဖရီးကစ်ကနေ တဆင့် သွင်းယူပေးခဲ့ပြီး သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း ထပ်မံ သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အိုးထရက်ဖို့ဒ်ကွင်း ထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးဟာ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၈မိနစ်မှာ ဂရင်းဝုဒ် ၊ ပွဲချိန် ၄၈မိနစ်မှာ ရက်ဖို့ဒ်နဲ့ ပွဲချိန် ၇၈မိနစ်မှာ ဘရူနို ဖာနန်ဒက်တို့က သွင်းယူ ပေးခဲ့ကာ လီဗာပူးအသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၁၈မိနစ်နဲ့ ၅၈မိနစ်တို့မှာ ဆာလက် က သွင်းယူပေးခဲ့တာပါ။ အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဟာ အခုလို ဖရီးကစ် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ယမန်နေ့က လေ့ကျင့်ရေးကွင်းမှာ အချိန်ပို ၄၅မိနစ် အထိ ယူကာ လေ့ကျင့်ခဲ့ကြောင်း ပြောပြ သွားပါတယ်။

Photo Credit: Sky Sports

ဘရူနို ဖာနန်ဒက်ရဲ့ ဖရီးကစ်ဂိုးနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “ကျွန်တော်က ဒီနေ့ပွဲမှာ သူ့ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်မယ်လို့ ပြောလိုက်တဲ့အခါ မနေ့က သူဟာ လေ့ကျင့်ရေးကွင်းမှာ အချိန်ပို ၄၅မိနစ် အထိ ထပ်ယူပြီး ဖရီးကစ် ကန်သွင်းတာကို လေ့ကျင့်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ သူ့အနေနဲ့ ဖရီးကစ် ကနေ အခွင့်အရေး ရခဲ့ရင် ဂိုးသွင်းယူနိုင်မယ် လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို အမြဲတမ်း လေ့ကျင့်ရေးကွင်း ကနေ စောစောပြန်ဖို့ မှာရပါတယ်။ အဲ့ဒီလို မှာတိုင်းလည်း သူက မပျော်မရွှင် ဖြစ်သွားတတ်ပါတယ်။ တကယ်လို့ သူက မနက်ဖြန်မှာ ပွဲတစ်ပွဲ ကစားရတော့မယ် ဆိုရင် ဒီနေ့မှာ အချိန်ပို ယူပြီး လေ့ကျင့်မှုတွေကို ပြုလုပ်တော့တာပါပဲ” လို့ ပြောပြ သွားခဲ့ပါတယ်။

The post လေ့ကျင့်ရေးကွင်းကနေ မထွက်တဲ့ ဖာနန်ဒက်ကို အမြဲတမ်း ဆူနေရတဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.