ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူ စုဆောင်းလေ့ ရှိတဲ့ သူတို့အသင်းရဲ့ ဓလေ့အတိုင်း လိုက်ပ်ဇက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ဩစတီးယား ကွင်းလယ်လူ ဆာဘစ်ဇာဟာ ဆဲလ်ဘက်အသင်း ကနေ လိုက်ပ်ဇက်အသင်းထံ ရောက်ရှိလာတဲ့ အချိန်မှ စတင်ပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်လာခဲ့ကာ ဖော့စ်ဘက်ချ် ၊ တီမိုဝါနာ စတဲ့ ကစားသမားတွေနဲ့ အတွဲညီကာ ခြေစွမ်းပြနိုင်ခဲ့သူ တဦးပါ။

Photo Credit: Bild

ဆာဘစ်ဇာဟာ ဗဟိုကွင်းလယ်လူ တဦး ဖြစ်ပေမယ့် လိုအပ်လာပါက ဘယ်တောင်ပံ ၊ ညာတောင်ပံတွေမှာ ကစားနိုင်စွမ်း ရှိသလို သူ့ရဲ့ ဖန်တီးနိုင်စွမ်း မြင့်မားမှုကလည်း အတော်လေးကို သဘောကျစရာ ကောင်းပါတယ်။ ဒါကြောင့်ပဲ လိုက်ပ်ဇက်အသင်းရဲ့ နည်းပြဟောင်း တဖြစ်လဲ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းဟာ ဆာဘစ်ဇာကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဆာဘစ်ဇာဟာ လိုက်ပ်ဇက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတာကြောင့် လိုက်ပ်ဇက်အသင်းကလည်း ဆာဘစ်ဇာကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဆာဘစ်ဇာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း လိုချင်နေပါတယ်။

Photo Credit: Bild

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာဘစ်ဇာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ယနေ့ မနက်အစောပိုင်းမှာပဲ ရယူနိုင်ခဲ့ကာ ဆာဘစ်ဇာကို ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ရက်ပိုင်း အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုက်ပ်ဇက်အသင်းတို့ဟာ ဆာဘစ်ဇာရဲ့ ပြောင်းရွှေ့ကြေး အတွက် တရားဝင် ဆွေးနွေးတော့မှာ ဖြစ်ပြီး နှစ်သင်းကြားမှာ ယူရို ၁၂သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရရှိနိုင်ပါတယ်။