ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုးမန်းရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ အမေရိကန်တောင်ပံကစားသမားဖြစ်သူ ခရစ္စတီယန်ပူလီဆစ်ကို ပစ်မှတ်ထားလို့နေပြီး ချိတ်ဆက်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : AD

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ကင်စလေကိုးမန်းဟာ ဘိုင်ယန်မှာ ခြေစွမ်းပြသလျက်ရှိနေပြီး သူရဲ့စာချုပ်သက်တမ်းကလည်း ၂၀၂၃ခုနှစ်အထိ ရှိနေပေမယ့် ယူနိုက်တက်အသင်းဘက်ကနေ သူ့ကို တစ်ပတ်လုပ်ခ ပေါင်(၂၆၀၀၀၀)လောက်အထိ ပေးချေသွားဖို့ ရှိနေတာကြောင့် ကိုးမန်းကိုယ်တိုင်က အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ တကယ်လို့ ကိုးမန်းသာ အသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ချယ်လ်ဆီးကစားသမား ပူလီဆစ်ကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : SBI Soccer

အသက်(၂၂)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ကျင်လည်ခဲ့ဖူးတဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်သလို လက်ရှိ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ရဲ့လက်အောက်မှာလည်း ပွဲထွက်ခွင့်တွေ နည်းပါးနေရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဘန်စလေအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အက်အေဖလားပွဲမှာသာ ပါဝင်ခွင့်ရခဲ့တဲ့ ပူလီဆစ်ဟာ နောက်ပိုင်းပွဲတွေမှာပါ သူ့အတွက် ပုံမှန်ကစားခွင့်တွေ နည်းပါးလာမှာကို စိုးရိမ်လျက်ရှိနေပြီး ဒီလို ပွဲထွက်ခွင့် နည်းပါးလာပါက အသင်းကနေ ထွက်ခွာဖို့ပါ စဉ်းစားလာနိုင်ပါတယ်။ Todo Fichajes ကနေ ဖော်ပြလာချက်များအရ ဘိုင်ယန်အသင်းဟာ ပူလီဆစ်ကို ခေါ်ယူသွားဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သိရှိရပြီး ချယ်လ်ဆီးကလည်း လာမယ့်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်များစွာကို ခေါ်ယူသွားဖို့ ရှိနေတဲ့အတွက် အသင်းအသုံးစရိတ် များစွာရှိနေအောင် ပူလီဆစ်ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးအသင်း ခေါ်ယူသွားမယ့် ကစားသမားထဲမှာလည်း ဘိုင်ယန်နောက်ခံကစားသမား ဇူလာလည်း ပါဝင်လို့နေပါတယ်။

The post အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကိုးမန်းရဲ့နေရာအတွက် ပူလီဆစ်နဲ့ ပြန်လည်အစားထိုးမယ့် ဘိုင်ယန် appeared first on MySport Myanmar.