ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ လီဗာပူးအသင်း ကနေ လာမယ့် ဇွန်လအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ နယ်သာလန် ဝါရင့် ကွင်းလယ်လူ ဝစ်နယ်ဒန်ဟာ လက်ရှိမှာတော့ ဂျာမန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၀နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဝစ်နယ်ဒန်ဟာ ၂၀၁၆ခုနှစ်မှာ နယူးကာဆယ်အသင်း ကနေ လီဗာပူး အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၇.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဂျာဂင် ကလော့ပ်ရဲ့ အကြိုက်ဆုံး ကွင်းလယ်လူတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဝစ်နယ်ဒန်ဟာ လီဗာပူးအသင်းမှာ ပုံမှန် ကစားခွင့် ရနေသလို လီဗာပူးနည်းပြ ကလော့ပ်နဲ့ ဆက်ဆံရေး အဆင်ပြေပေမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တာကြောင့် လီဗာပူးအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာတော့ ဝစ်နယ်ဒန်ကို ခေါ်ယူဖို့ အတွက် စပိန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ၊ အီတလီ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ကြိုးစားနေကြပြီး ဝစ်နယ်ဒန်ကတော့ သူ့ရဲ့ ဆရာဟောင်းဖြစ်သူ ကိုးမန်းရဲ့ ဘာစီလိုနာအသင်းထက် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန် နေကြောင်း နယ်သာလန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Express

ဂျာမန် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ BILDရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် အသင်းဟာ ဝစ်နယ်ဒန်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဝစ်နယ်ဒန်ရဲ့ အေးဂျင့်ဖြစ်တဲ့ Football Mix B.Vရဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ဝစ်နယ်ဒန်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ ဝစ်နယ်ဒန်ဟာ လီဗာပူးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ရရှိခဲ့ပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဝစ်နယ်ဒန်ဟာ ဖော်ရွေတဲ့ ကစားသမားတဦး ဖြစ်ပြီး ရှေ့ဆက်မယ့် အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးထားပါတယ်။

The post ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်နေတဲ့ ဝစ်နယ်ဒန် appeared first on MySport Myanmar.