ဘိုင်ယန်မြူးနစ်အသင်းဟာ မကြာခင်မှာ အသက်(၃၃)နှစ်ပြည့်တော့မယ့် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးရဲ့ နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် ပြိုင်ဘက်အသင်း ဒေါ့မွန်ရဲ့ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းကို ပစ်မှတ်ထားနေပေမယ့် လာမယ့်နွေစျေးကွက်အတွင်းမှာသာ ဟာလန်းကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁၅၃)သန်းခန်နဲ့ ကမ်းလှမ်းရမှာဖြစ်လို့ ဟာလန်းသာ ဒေါ့မွန်မှာ နောက်တစ်နှစ် နွေမှ ထွက်ခွာမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်(၆၅)သန်းနဲ့သာ ကမ်းလှမ်းရမှာဖြစ်တာကြောင့် ဘိုင်ယန်အသင်းက လာမယ့် ၂၀၂၂ခုနှစ် နွေစျေးကွက်မှသာ ဟာလန်းကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Vbet News

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ နော်ဝေလက်ရွေးစင် ဂိုးသွင်းစက်လေး ဟာလန်းဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆာလ်ဇ်ဘာ့ဂ်မှာကတည်းက တိုက်စစ်စွမ်းရည် ပြသခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်မှာလည်း သူရဲ့အကောင်းဆုံးပုံစံကို ဆက်လက်ပြသနိုင်ခဲ့တာကြောင့် ထိပ်သီးအသင်းများစွာက သူ့ကို အရခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဟာလန်းကို လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး မန်စီးတီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို နာမည်ကြီးကလပ်အသင်းတွေကနေ အပြိုင်အဆိုင် ပစ်မှတ်ထားနေကြသလို ဒေါ့မွန်ရဲ့ဘွန်ဒစ်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကလည်း ဟာလန်းကို လီဝန်ဒေါစကီးရဲ့နေရာအတွက် အစားထိုးချင်နေပါတယ်။

Photo Credit : Daily Mail

ဒီလို ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ ဟာလန်းကို လာမယ့်နွေစျေးကွက်အတွင်းမှာသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၈၀)နဲ့ ကမ်းလှမ်းလာမှ ဒီကမ်းလှမ်းမှုကို စဉ်းစားသွားမယ်လို့ ဒေါ့မွန်အသင်းဘက်ကနေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီပြောင်းရွှေ့ကြေးမျိုးနဲ့ဆိုရင် ဟာလန်းကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအနေနဲ့ ကမ်းလှမ်းဖို့ ခက်ခဲနေရပြီး ဒီအသင်းတွေထဲမှာ ဘိုင်ယန်လည်း ပါဝင်နေတာကြောင့် ဟာလန်းသာ ဒေါ့မွန်မှာ နောက်ထပ်တစ်နှစ် ဆက်ရှိနေမယ်ဆိုရင် ဘိုင်ယန်ဘက်ကနေ ဟာလန်းကို ခေါ်ယူဖို့ ပိုပြီးဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို ပြောင်းလာခဲ့စဉ်က ပေါင်(၆၅)သန်းတန် စာချုပ်ဖျက်သိမ်းကြေးကို စာချုပ်ထဲမှာ ထည့်သွင်းထားခဲ့ပြီး ဒီစာချုပ်ဖျက်သိမ်းကြေးက လာမယ့် ၂၀၂၂ခုနှစ် ဇွန်လမှာ စတင်အသက်ဝင်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်ဟာ ၂၀၂၂ခုနှစ် နွေစျေးကွက်မှသာ ဟာလန်းကို ခေါ်ယူသွားဖို့ စီစဉ်ထားတာဖြစ်ပြီး လီဝန်ဒေါစကီး ဂေါ့ဇီ ဟမ်းမဲလ်စ်တို့နောက် ဒေါ့မွန်ကနေ ဘိုင်ယန်ကို ထပ်မံရောက်လာမယ့် ကစားသမားတစ်ယောက် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

The post ဟာလန်းသာ ဒေါ့မွန်မှာ နောက်တစ်ရာသီ ဆက်ရှိမယ်ဆိုရင် ခေါ်ယူဖို့ အခြေအနေ ပိုကောင်းလာနိုင်တဲ့ ဘိုင်ယန် appeared first on MySport Myanmar.