ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းကမှ ရက်ဘူးလိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဗာနာဟာ သူရဲ့ချယ်လ်ဆီးကစားသမား ပထမရာသီမှာ ပရိသတ်တွေ မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းကနေပါ ပြန်လည်ရောင်းထုတ်ဖို့အထိပါ သတင်းထွက်လာခဲ့လို့ ဗာနာကို ဘွန်ဒစ်လီဂါ ထိပ်တန်းအသင်းကြီး ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ လိုက်က်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် တစ်ရာသီအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း (၆)ဂိုးပဲ သွင်းယူနိုင်ခဲ့ရပါတယ်။ အသင်းဟောင်း လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သွင်းဂိုးစုစုပေါင်း (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဗာနာဟာ အသင်းသစ် ချယ်လ်ဆီးမှာတော့ သူရဲ့ ပြိုင်ပွဲစုံသွင်းဂိုးက (၁၂)ပဲ ရှိနေခဲ့ရတဲ့အထိ ဂိုးသွင်းစွမ်းရည် ကျဆင်းနေခဲ့ရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဘက်ကနေ နွေစျေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး အရခေါ်ယူသွားဖို့ ဆောင်ရွှက်နေသလို ဗာနာနဲ့လည်း လမ်းခွဲဖို့ကို အသင်းတာဝန်ရှိသူတွေကနေ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဗာနာကို ဘိုင်ယန်မြူးနစ်အသင်းကနေ စိတ်ဝင်စားလာခဲ့ပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာတော့တဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးရဲ့နေရာအတွက် အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ ဘိုင်ယန်ရဲ့ အဓိက တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကို ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ကစားသမားဘဝ အဆုံးမသတ်ခင်မှာ သူလုံးဝကို မကျင်လည်ခဲ့ဖူးသေးတဲ့ အမှတ်ပေးလိဂ်တစ်ခုဆီ သွားရောက်ကစားဖို့ စိတ်အားထက်သန်နေတာဖြစ်လို့ နွေစျေးကွက်အတွင်းမှာပဲ အသင်းအပြောင်းအလဲ ဖြစ်လာနိုင်တဲ့အတွက် သူ့နေရာမှာ အစားထိုးဖို့ တီမိုဗာနာကို ဘိုင်ယန်ဘက်က ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးနဲ့ ဘိုင်ယန်အသင်းတို့အနေနဲ့ တိုက်စစ်ကစားသမားချင်း အလဲအလှယ် ဖြစ်လာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရပါတယ်။