မန်စီးတီးအသင်းရဲ့ သမိုင်းတလျှောက် သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် မှတ်တမ်းဝင်ထားခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာတွေ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကြောင့် အသင်းအတွက် ပွဲအနည်းငယ်ကိုသာ ပါဝင်ကစားခဲ့ရပြီး သွင်းဂိုးလည်း အနည်းငယ်သာ သွင်းယူနိုင်ခဲ့သလို သူရဲ့စာချုပ်သက်တမ်းဟာဆိုရင်လည်း ဒီနှစ်ရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ သူရဲ့အနာဂတ်အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Eurosport

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား အဂွဲရိုးဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကမှ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးမှာ ဆုဖလားများစွာကို ပိုင်ဆိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဂွဲရိုးဟာ လက်ရှိအချိန်မှာ အသက်အရွှယ်အရ ကြီးရင့်နေပြီဖြစ်သလို ဒဏ်ရာပြသာနာတွေနဲ့လည်း ရင်ဆိုင်နေရတာဖြစ်လို့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့အတွက် အသင်းဘက်ကနေ စဉ်းစားလျက်ရှိနေပြီး သက်တမ်းတိုးဖြစ်မယ်ဆိုရင်တောင်မှ တစ်ပတ်လုပ်ခကို သေချာပေါက် လျှော့ချသွားမှာဖြစ်ပါတယ်။

Photo Credit : Bitter and Blue

ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အဂွဲရိုးက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး “ဒီနှစ်ဘောလုံးရာသီအပြီးဆိုရင် ကျွန်တော်ဘယ်နေရာကို ရောက်ရှိနေမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်ဘာမှမတွေးတတ်ပါဘူး။ ဘာတွေ ဖြစ်လာမလဲဆိုတာကိုပဲ ကျွန်တော်တို့တွေ စောင့်ကြည့်ရတော့မှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဂွဲရိုးဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား (၄)ကြိမ် အက်အေဖလား (၁)ကြိမ်နဲ့ လိဂ်ဖလား (၅)ကြိမ်အထိကို ဆွတ်ခူးထားနိုင်ခဲ့ပြီး အသင်းမှာလည်း တစ်ပတ်လုပ်ခ ပေါင်(၂)သိန်း(၆)သောင်းအထိကို ရရှိထားသူလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ Legend ကစားသမား အဂွဲရိုးကို ကာလတိုလောက်သာ စာချုပ်ချုပ်ဆိုချင်နေသလို အဂွဲရိုးရဲ့လစာကိုလည်း လျှော့ချပြီးသာ ပေးချေချင်နေပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းဟာ အဂွဲရိုးကို လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းနဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်တို့ကို ပစ်မှတ်ထားလျက်ရှိနေတဲ့အပြင် အဂွဲရိုးရဲ့ အာဂျင်တီးနားအသင်းဖော် လီယွန်နယ်မက်ဆီကိုလည်း အရခေါ်ယူဖွယ်လည်း ရှိလို့နေပါတယ်။

The post လာမယ့်ရာသီ မန်စီးတီးအသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့ဘူးလို့ ဖွင့်ဟလာခဲ့တဲ့ အဂွဲရိုး appeared first on MySport Myanmar.