စပိန်လာလီဂါ အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ယမန်နေ့မှာ ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာ ၊ ဟာလန်းရဲ့ ဖခင်ဖြစ်သူတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် လူငယ်တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး လူငယ်တိုက်စစ်မှူး အဖြစ် အများစုရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး လတ်တလောမှာ သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီးတွေက ကြိုးစားနေကြပါတယ်။

Photo Credit: Marca

လက်ရှိမှာ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် အသင်းတို့ အပြင် အင်္ဂလန် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ၊ မန်စီးတီးအသင်း ၊ ချယ်လ်ဆီးအသင်းနဲ့ အီတလီ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေရဲ့ အဆိုတွေ အရတော့ ရိုင်းအိုလာနဲ့ ဟာလန်းရဲ့ ဖခင်ဖြစ်သူတို့ဟာ ယမန်နေ့မှာ စပိန်နိုင်ငံကို လာရောက်ကာ ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေ ၊ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Marca

ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေကတော့ ဘာစီလိုနာအသင်းဟာ ဟာလန်းသာ သူတို့အသင်းကို ပြောင်းရွှေ့လာမယ် ဆိုပါက မက်ဆီပြီးနောက် အသင်းရဲ့ ဒုတိယမြောက် လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ ကတိကဝတ် ပြုခဲ့ကြောင်း ဖော်ပြနေပါတယ်။ ဒါပေမယ့် စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာ အသင်းရဲ့ မဟာပြိုင်ဘက် အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဟာလန်းရဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာထက် နှာတစ်ဖျားသာတဲ့ အနေအထားကို ရောက်နေကြောင်း သိထားရပြီး ဟာလန်းဟာလည်း စပိန်လာလီဂါမှာ ကစားဖို့ အတွက် ဆုံးဖြတ်ခဲ့ပါက သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တစ်ဦးဖြစ်သူ အိုဒီဂတ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာသာ ကစားချင်နေကြောင်း နော်ဝေအခြေစိုက် သတင်းဌာနတွေက ဆိုထားပါတယ်။

The post ဟာလန်းကို ခေါ်ယူဖို့ အပြိုင်အဆိုင် ‌ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာ appeared first on MySport Myanmar.