မနေ့ညက ကျင်းပခဲ့တဲ့ လီဗန်တေးအသင်းနဲ့ ဘာစီလိုနာအသင်းတိုရဲ့ပွဲမှာ ဧည့်သည်ဘာစီလိုနာက ပထမပိုင်းမှာပဲ (၂)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားကို ဦးဆောင်ထားတာကြောင့် ဘာစီလိုနာတို့ အမှတ်ပြည့်ယူနိုင်ပြီလို့ ယူဆခဲ့ရပေမယ့် လီဗန်တေးဘက်ကို ဂိုးတွေပြန်ခွင့်ပြုရရင်း ပွဲအပြီးမှာတော့ တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေပွဲအဖြစ်သာ ပြီးဆုံးခဲ့ရလို့ လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေရတဲ့ ဘာစီလိုနာအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

တကယ်တော့ ဘာစီလိုနာအသင်းဟာ ဂရန်နာဒါကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတဲ့ လာလီဂါပွဲမှာ ရလဒ်ကောင်းတစ်ခုကို ယူဆောင်နိုင်ခဲ့သင့်ပေမယ့် နူးကမ့်မှာ ဂရန်နာဒါကို အရေးနိမ့်ခဲ့သလို မဖြစ်မနေ အနိုင်ကစားရမယ့် အသက်လက်တီကိုနဲ့ပွဲမှာလည်း သရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အခုလည်း လီဗန်တေးနဲ့ အဝေးကွင်းပွဲစဉ်မှာ ဒုက္ခပေးနေကြ အသင်းတစ်သင်းဖြစ်တဲ့ လီဗန်တေးက သရေတစ်မှတ် မရရအောင် ကြိုးစားကစားသွားပြီး အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေရတဲ့ ဘာစီလိုနာခံစစ်ဟာလည်း ပရိသတ်တွေအတွက် အတော်လေးကို စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ဒီအခြေအနေဟာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ အသက်လက်တီကိုအသင်းအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။ ဒီညမှာ ရီးယဲလ်ဆိုစီဒက်ကို ဧည့်ခံကစားသွားရမယ့် အသက်လက်တီကိုအနေနဲ့ အနိုင်ရလဒ်တစ်ခုကိုသာ ယူဆောင်နိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ရမှတ်(၈၀)အထိ ရရှိသွားမှာဖြစ်သလို ဒုတိယနေရာက ဘာစီလိုနာကိုလည်း (၄)မှတ်အထိ ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်က ဂရန်နာဒါကိုသာ အနိုင်ယူလိုက်မယ်ဆိုရင်တော့ အသက်လက်တီကိုဟာ ဘာစီလိုနာထက် မြို့ခံအသင်းကိုသာ သတိထားရတော့မှာဖြစ်ပါတယ်။ လက်ကျန်ပွဲတွေမှာတော့ အသက်လက်တီကိုက အိုဆာဆူနာကို အိမ်ကွင်း ဗယ်လာဒိုးလစ်နဲ့ အဝေးကွင်း ဘာစီလိုနာက ဆယ်လ်တာဗီဂိုနဲ့ အိမ်ကွင်း အီဘာနဲ့ အဝေးကွင်း ရီးယဲလ်မက်ဒရစ်ကတော့ ဘီလ်ဘာအိုကို အဝေးကွင်း ဗီလာရီးယဲလ်နဲ့ အိမ်ကွင်းအဖြစ် အသီးသီး ယှဉ်ပြိုင်ရမှာဖြစ်လို့ လက်ကျန်ပွဲစဉ်တွေအရ ရီးယဲလ်က ပွဲအကျပ်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် အသက်လက်တီကိုအနေနဲ့ ဒီည ဆိုစီဒက်ကိုသာ အနိုင်ကစားခဲ့မယ်ဆိုရင် သူတို့အတွက် ဒီရာသီ လာလီဂါချန်ပီယံဆုက ပိုမိုသေချာလာနိုင်တော့မှာဖြစ်လို့ မဖြစ်မနေ အနိုင်ကစားဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ သေချာတာကတော့ လာလီဂါချန်ပီယံဆု တိုက်ပွဲက အဆုံးသတ်အချိန်အထိကို ဆက်လက်ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေမယ်ဆိုတာပါပဲ။

The post ဘာစီလိုနာရဲ့ ခြေချော်ထားမှုကို အခွင့်ကောင်းယူထားဖို့ လိုအပ်နေတဲ့ အသက်လက်တီကို appeared first on MySport Myanmar.