စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းရဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး ဖြစ်သူ ဆာဂျီယို အဂူရိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း စပိန်သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။ အသက် ၃၂နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် အဂူရိုဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကာလရှည် ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေးချေစရာ မလိုပဲ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

Photo Credit: Marca

အဂူရိုဟာ ကစားသမားတဦး အတွက် နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေပေမယ့် သူ့ရဲ့ ပါးနပ်မှုနဲ့ ဂိုးသွင်းစွမ်းရည်ဟာ ထိပ်တန်းအဆင့်မှာ ရှိနေသေးတာကြောင့် လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး ဘာစီလိုနာအသင်းဟာ အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ အဂူရိုကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အဂူရိုကို ခေါ်ယူဖို့ အတွက် စီးရီးအေကလပ် ဂျူဗင်တပ်အသင်း ၊ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း ၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့က ဘာစီလိုနာအသင်းနဲ့ အပြိုင် စိတ်ဝင်စားနေပေမယ့် အဂူရိုကတော့ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းဖော် မက်ဆီရှိတဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

Photo Credit: Marca

အင်္ဂလန် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အဂူရိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အဂူရိုရဲ့ အေးဂျင့်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ကာ နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အဂူရိုဟာ မန်စီးတီးအသင်းထံ စပိန် လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် လာလီဂါ အတွေ့အကြုံရင့် တိုက်စစ်မှူးတဦး ဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကစားသမား ဖြစ်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေကလည်း အဂူရိုကို ကြိုဆိုကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားထားကြပါတယ်။

The post ဆာဂျီယို အဂူရိုကို ခေါ်ယူဖို့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ဘာစီလိုနာအသင်း appeared first on MySport Myanmar.