အသက်လက်တီကိုမက်ဒရစ်အသင်းကတော့ ဆောင်းစျေးကွက်မဖွင့်လှစ်ခင် ၂၀၂ဝခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့မှာပဲ အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဒီယေဂိုကော်စတာကို ကစားသမားရဲ့ ဆန္ဒအတိုင်း အသင်းနဲ့ စာချုပ်ဖျက်သိမ်းပေးခဲ့ကာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပေးခဲ့ပြီးနောက် ကော်စတာရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့ တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေလျက်ရှိနေရာ အခုလက်ရှိမှာတော့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူသွားဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီဟာ လိုင်ယွန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့စွမ်းဆောင်ရည်တွေက သိသိသာသာ ကျဆင်းလာခဲ့ရသလို လီဂူး(၁၆)ပွဲအတွင်းမှာလည်း သူရဲ့သွင်းဂိုးက (၁)ဂိုးသာ ရှိထားခဲ့ရတဲ့အထိ ဂိုးသွင်းနှုန်းကျဆင်းလာခဲ့လို့ လိုင်ယွန်ဘက်ကနေ သူ့ကို နောက်ပိုင်းပွဲတွေမှာ သိပ်အသုံးပြုခြင်းမရှိတော့ပဲ လူစာရင်းကနေ ချန်လှပ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေရှိနေရတဲ့ ဒမ်ဘီလီကို လိုင်ယွန်အသင်းဘက်ကနေ ရှင်းထုတ်သွားချင်နေတာကြောင့် ဆောင်းစျေးကွက်အတွင်း ဒမ်ဘီလီအတွက် ကမ်းလှမ်းမှုတွေကို နားစွှင့်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ကနဦးပိုင်းမှာတော့ မူဆာဒမ်ဘီလီကို တိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာကို အေဂျက်စ်အသင်းဆီ ရောင်းချလိုက်ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က ဥရောပပြိုင်ပွဲတွေကို ပါဝင်ကစားဖို့သာ ဆန္ဒရှိနေတဲ့အတွက် ဝက်စ်ဟမ်းရဲ့ စိတ်ဝင်စားမှုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒမ်ဘီလီကို လာလီဂါထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကနေပါ ထပ်မံစိတ်ဝင်စားလာခဲ့ကာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ကောစ်တာရဲ့နေရာမှာ အစားထိုးချင်နေပြီး အခုဆောင်းစျေးကွက်အတွင်းမှာပဲ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတယ်လို့ Marca သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်လက်တီကိုအသင်းကလည်း ချယ်လ်ဆီးတိုက်စစ်မှူးဂျရူးကို ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမှာပဲ ဆက်ရှိချင်နေတာဖြစ်လို့ ဒမ်ဘီလီကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အငှားနဲ့ အသင်းကို ရောက်ရှိလာဖို့ကလည်း အလွန်နီးစပ်နေပြီလို့ သိရပါတယ်။

The post ကော်စတာနေရာမှာ အစားထိုးဖို့အတွက် လိုင်ယွန်က ဒမ်ဘီလီကို ခေါ်ယူသွားမယ့် အသက်လက်တီကို appeared first on MySport Myanmar.