ပရီးမီးယားလိဂ် ပရိသတ်တွေကြားထဲမှာ လူသိများတဲ့ အက်စ်တွန်ဗီလာအသင်း ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေတဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ရဲ့ နေရာ အတွက် နောဝှစ်ချ်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကန့်ဝဲလ်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ချ်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဗီလာအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

Photo Credit: 90 Mins

ဗီလာအသင်းက ဂရီးလစ်ချ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားနေပေမယ့် ဂရီးလစ်ချ်ကတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ ထိပ်တန်း အသင်းကြီး တသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပျနေတာကြောင့် ဗီလာအသင်းဟာ သူ့ကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိပါတယ်။

ဒါကြောင့်ပဲ ဗီလာအသင်းဟာ ဂရီးလစ်ချ်ရဲ့ နေရာ အတွက် အစားထိုးနိုင်မယ့် ကစားသမား တဦးကို ရှာဖွေနေတာ ဖြစ်ပြီး နောဝှစ်ချ်အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ကန့်ဝဲလ်ဟာ သူတို့အသင်းရဲ့ ထိပ်တန်းပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: 90 Mins

အသက် ၂၃နှစ် အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ကန့်ဝဲလ်ဟာ ဂရီးလစ်ချ်လိုပဲ တဦးချင်း တိုးအား ရုန်းအား ကောင်းသလို ဖန်တီးနိုင်စွမ်းလည်း မြင့်မားတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်ပြီး နောဝှစ်ချ်အသင်း အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗီလာအသင်းဟာ ကန့်ဝဲလ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကာ နောဝှစ်ချ်အသင်းကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကန့်ဝဲလ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းနဲ့ ၃၀သန်းကြား ရရှိရုံနဲ့ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် အပြောင်းအရွှေ့ဟာ မကြာခင်မှာ အပြီးသတ်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။