အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ အသင်းရဲ့ အိုက်စ်လန်း ဂိုးသမားဖြစ်သူ အဲလက် ရူနာဆန် ဟာ မကြာခင်မှာ အသင်းကနေ ထွက်ခွာတော့မာ ဖြစ်တာကြောင့် အာဆင်နယ် အသင်း အနေနဲ့ ဒီလထဲမှာပဲ ဂိုးသမား အသစ်တစ်ဦး ခေါ်ယူသွားဖို့ အစီစဉ်ရှိတယ်လို့ နည်းပြ ဖြစ်သူ မိုက်ကယ် အာတီတာ က အတည်ပြု ပြောဆိုလိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ အမ်မလီယာနို မာတီနက်ဇ် ကို စက်တင်ဘာလ လောက်က အက်စတွန်ဗီလာ အသင်းကို ရောင်းချခဲ့ပြီးတဲ့ နောက်ပိုင်းမှ ရူနာဆန် ကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာလည်း အာဆင်နယ် အသင်းဟာ ရူနာဆန် ကို အကောင်းဆုံးအနေအထားနဲ့ အတွေ့အကြုံရရှိအောင် အမ်းမရိတ်ကနေ ယာယီ အငှားချ သွားဖို့ အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Photo Credit: Express

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒီရာသီမှာ အဲလက် ရူနာဆန် ထက် လီနို ကိုသာ နေရာပေးနေပြီးတော့ အာဆင်နယ် အသင်း အနေနဲ့ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ရူနာဆန် ကို တတိယဂိုးသမားအဖြစ် အမြဲ ကြည့်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နည်းပြ အာတီတာ ကိုယ်တိုင်ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဂိုးသမား အသစ် ခေါ်ယူဖို့ အစီအစဉ် ရှိကြောင်း အခုလိုပဲ အတည်ပြုပြောဆိုလိုက်ပါတယ်။ “ ဂိုးဖမ်းတဲ့ ဧရိယာထဲမှာ ရှိတဲ့ နေရာသုံးခုနဲ့ ပတ်သက်ပြီး အခြေအနေတွေကို ကျွန်တော်တို့ အကဲဖြတ်နေပါတယ်၊ ကျွန်တော်တို့ အနေနဲ့ ဒီအပြောင်းအရွှေ့မှာပဲ မတူညီတဲ့ အဖြေတစ်ခု ရှာဖွေသွားမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ရူနာဆန် ရဲ့ အကြောင်းကို မေးတဲ့ အခါမှာတော့ အာတီတာက အခုလိုပဲ ရိုးရှင်းစွာဖြေခဲ့ပါတယ်။

Photo Credit: Express

“ အခုချိန်ထိတော့ ဘာမှ မဖြစ်သေးပါဘူး။ နေရာသုံးနေရာ နဲ့ ပတ်သက်ပြီး ဘာဖြစ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့် အကဲဖြတ်နေတုန်းပါပဲ။ နွေရာသီတုန်းက အသင်းတွင်း ဆွေးနွေးခဲ့တာတွေက တကယ်လက်တွေ့ ဖြစ်လာတာတွေ နဲ့ အနည်းငယ် ကွဲပြားပါတယ်။ ဘာလို့လဲဆိုရင် အပြောင်းအရွှေ့ ဈေးကွက်ကြောင့်ရယ် နဲ့ အမ်မီ နဲ့ ကြားဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်ရယ်ပါ။ ကျွန်တော် အရမ်းလုပ်ချင်နေတဲ့ အရာကို လုပ်ဖို့ အတွက် ကျွန်တော်တို့မှာ အချိန်များများစားစား မရှိပါဘူး။ ကျွန်တော်တို့ ဒီအပြောင်းအရွှေ့မှာပဲ ကျွန်တော်တို့ ဘာတွေ လုပ်ဖို့ ကြိုးစားနေတယ် အခြေအနေတွေကို အကဲခတ်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီသုံးနေရာမှာ ဘယ်လို အပြောင်းအလဲတွေ ပြုလုပ်သွားမလဲ ဆိုတာကို ဆုံးဖြတ်ချက် ချရပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။ The Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အာဆင်နယ် အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလ တုန်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးတဲ့ ဘရန်းဖို့ဒ် အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ် ရာယာ ကို အခုချိန်ထိတိုင်အောင် ခေါ်ယူဖို့ရာ အတွက် စိတ်ဝင်စားလျက် ရှိနေပြီးတော့ ခေါ်ယူဖို့ အလားအလာ ရှိနေတယ်လို့လည်း သိရပါတယ်။

The post ဇန်နဝါရီမှာ ဂိုးသမား အသစ် ခေါ်ယူမှာ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့ အာတီတာ appeared first on MySport Myanmar.