အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနေတဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် ဖြစ်သူ ဘူကာယို ဆာကာဟာ အသက်အရွယ် ငယ်ပေမယ့် အသင်းရဲ့ ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်နေပြီလို့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်အပြီးမှာ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တစ်ဦးဖြစ်သူ ဆာကာဟာ အာဆင်နယ် အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းကြီးထံ စတင် ရောက်ရှိကာစမှာ ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့ရပေမယ့် လက်ရှိ ဘောလုံးရာသီ မှာတော့ ဘယ်ခြမ်း တိုက်စစ် ၊ ညာခြမ်းတိုက်စစ်နဲ့ တစ်ခါတစ်ရံမှာ ဘယ်နောက်ခံလူ အဖြစ် ကစားနေရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

Photo Credit: Express

ဆာကာဟာ လက်ရှိ အာဆင်နယ် အသင်းမှာ အသက်အငယ်ဆုံး ကစားသမား တစ်ဦး ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ ၂၅ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၅ဂိုး သွင်းယူ ပေးထားကာ ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ် နိုင်ခဲ့ပါတယ်။ ဆာကာဟာ သူ့ရဲ့ သွင်းဂိုး ၅ဂိုး စလုံးကို ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်ခု ထဲမှာသာ ရရှိထားတာ ဖြစ်ပြီး သူဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ဆယ်ကျော်သက် ကစားသမား အဖြစ် မှတ်တမ်း ဝင်နေပါတယ်။

အာတီတာ ကတော့ သူ့ရဲ့ လက်အောက်မှာ ဆာကာရဲ့ တိုးတက်မှုတွေကို ကျေနပ်နေပြီး ဆာကာဟာ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ စွမ်းဆောင်ရည်ကောင်းကို ပိုင်ဆိုင်ထားကာ အသင်းတွင်းမှာ အဓိက ကစားသမား တစ်ဦး ဖြစ်လာသလို ခေါင်းဆောင်မှု အရည်အသွေးလည်း ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။ ဆာကာရဲ့ အရည်အသွေးတွေနဲ့ ပတ်သတ်ပြီး အာတီတာက –

Photo Credit: Express

“သူ့မှာက အသင်းကို ဦးဆောင်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ သူက ယဉ်ကျေးတယ်။ ပြီးတော့ လေးစားမှုလည်း ရှိတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူဟာ သူ့ရဲ့ ကိုယ်ပိုင်ပုံစံ တစ်ခုကို ပိုင်ဆိုင် ထားပါတယ်။ ကွင်းအတွင်းမှာလည်း ဘောလုံးကို အမြဲတမ်း လိုချင်နေပါတယ်။ သူဟာ သူ့ရဲ့ အသက်အရွယ် မှာ လုပ်ဆောင်ဖို့ မလွယ်တဲ့ ဆုံးဖြတ်ချက်တွေ ၊ လုပ်ဆောင်ချက်တွေကို အမြဲတမ်း လုပ်ပြနေပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကောင်းပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဟာ သူ့ဆီကနေ ခေါင်းဆောင်မှု စွမ်းဆောင်ရည်နဲ့ ကွင်းတွင်းမှာ ပြည့်ဝတဲ့ စွမ်းဆောင်ရည်တွေကို အမြဲတမ်း လိုအပ် နေတာကြောင့်ပါ” လို့ ချီးမွမ်း သွားခဲ့ပါတယ်။

The post ဆာကာဟာ အာဆင်နယ်ရဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါလို့ ချီးကျူးခဲ့တဲ့ အာတီတာ appeared first on MySport Myanmar.