ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ အဆိုပါ ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ အူဘာမီယန်းနဲ့ တီယာနေးတို့ဟာ ယခု သီတင်းပတ် အကုန်မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲကျပ်မှာ ပါဝင်ဖို့ မသေချာသေးကြောင်း ဖွင့်ဟ ပြောဆို သွားပါတယ်။

ယနေ့မနက်မှာ စိန့်မေရီကွင်း အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ်အသင်း ဟာ ဆောက်သမ်တန် အသင်းကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ပူပူနွေးနွေး အက်ဖ်အေဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အာဆင်နယ် အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၈မိနစ်မှာ ပေပေ ၊ ပွဲကစားချိန် ၃၉မိနစ်မှာ ဆာကာနဲ့ ပွဲကစားချိန် ၇၂မိနစ်မှာ လာကာဇက်တို့က အသီးသီး သွင်းယူ ပေးခဲ့ကြပြီး ‌ဆောက်သမ်တန် အသင်းအတွက် တစ်လုံးထဲသော သွင်းဂိုးကိုတော့ ပွဲကစားချိန် ၃မိနစ်မှာ အမ်စထရောင်းက သွင်းယူခဲ့တာပါ။

Photo Credit: Metro

အာဆင်နယ် အသင်းဟာ ဆောက်သမ်တန် အသင်းကို အနိုင်ရခဲ့ပြီးနောက် Boxing Day နောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ပွဲမှာ ၅ပွဲနိုင် ၁ပွဲသရေ ရလဒ်ကို ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းနိုင်ခဲ့ကာ နည်းပြ အာတီတာ အပေါ် ကျရောက်လာတဲ့ ဖိအားတွေဟာလည်း အတော်ကို လျော့နည်း သွားပါတယ်။

ယခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ အာဆင်နယ် အသင်းဟာ လတ်တလောမှာ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားသွားရမှာ ဖြစ်ကာ အဆိုပါ ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချိန်ရွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်သလို အာဆင်နယ် အသင်းအတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် အမှားမခံပဲ ကစားရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အူဘာမီယန်းဟာ ပါဝင်နိုင်မယ့် အနေအထားမှာ မရှိသလို ဘယ်နောက်ခံလူ တီယာနေးရဲ့ ဒဏ်ရာကိုလည်း စောင့်ကြည့် သွားရဦးမှာ ဖြစ်ကြောင်း အာတီတာက ဆောက်သမ်တန် အသင်းနဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား သွားခဲ့ပါတယ်။

အူဘာမီယန်းနဲ့ တီယာနေးတို့ရဲ့ အခြေအနေ အပေါ် အာတီတာက “အခုချိန် အထိ အူဘာမီယန်းနဲ့ ပတ်သတ်ပြီး အသေးစိတ် အခြေအနေကို မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေ ကြားထဲမှာ အချင်းချင်း ကူညီတာတွေ ၊ အကာအကွယ် ပေးတာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် အတော်ကို သဘောကျပါတယ်။ အူဘာက ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရတာပါ။ ကျွန်တော်တို့ အားလုံးဟာ သူ့ရဲ့ အနောက်မှာ ရှိနေပြီး ဒီနိုင်ပွဲက သူ့ကို ရည်ညွှန်းပါတယ်။ တီယာနေးရဲ့ အခြေအနေကိုတော့ ကျွန်တော် မသိရသေးပါဘူး။ သူက ဒဏ်ရာ ရနေတာကြောင့် ဆောက်သမ်တန် အသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မပါဝင်ခဲ့ပါဘူး။ သူက ဒီနေ့အထိလည်း ဒဏ်ရာ ရနေဆဲပါ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ် မတိုင်မီ သူ ဘယ်လောက်အထိ တိုးတက်လာလဲ ဆိုတာကို ကြည့်ရမှာပါ” လို့ ပြောကြား သွားပါတယ်။

The post မန်ယူနဲ့ပွဲမှာ အူဘာမီယန်းနဲ့ တီယာနေး ပါဝင်ဖို့ မသေချာကြောင်း ဆိုလာတဲ့ အာတီတာ appeared first on MySport Myanmar.