ယူရို-၂၀၂ဝပြိုင်ပွဲကြီး မစတင်ခင်ကတည်းက ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး အသင်းနဲ့ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူထားနိုင်ခဲ့တဲ့ ဆွစ်ဇာလန် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို အာဆင်နယ်အသင်းက ရောင်းထုတ်သွားဖို့ထက် စာချုပ်သစ်သာ ချုပ်ဆိုသွားပြီး အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖွယ် ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

ဆွတ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ချာကာဟာ အာဆင်နယ်အသင်းမှာ ၂၀၁၆ခုနှစ်ကတည်းက ပါဝင်ကစားနေတာဖြစ်ပြီး အသင်းနဲ့လည်း ဘောလုံးရာသီ (၅)ရာသီအထိ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ အက်အေဖလားကို (၂)ကြိမ်အထိ ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဘောလုံးရာသီတစ်ခုအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၀)လောက်အထိ ပါဝင်ကစားခဲ့တဲ့ ချာကာဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့အတွက် အခုလို ရိုးမားအသင်းနဲ့ သတင်းတွေ ထွက်လာပြီး ရိုးမားနဲ့ပါ Personal Agreed ကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Roma Press

ဒါပေမယ့် ဒီလိုအခြေအနေမျိုး ရှိနေရတဲ့ ချာကာကို အာဆင်နယ်အသင်းကနေ ရိုးမားအသင်းဆီ ရောင်းထုတ်သွားဖို့ထက် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုပြီး အသင်းမှာ နောက်ထပ်ဘောလုံးရာသီများစွာ ဆက်လက်ထိန်းသိမ်းသွားဖို့ ပြင်ဆင်လာခဲ့တယ်လို့ ဗြိတိန်နာမည်ကျော် သတင်းမီဒီယာ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ချာကာကို အသင်းကနေ လက်လွတ်လိုက်ရမယ်ဆိုရင် ဒီနေရာအအတွက် ကွင်းလယ်ကစားသမားတစ်ယောက်ကို ပြန်လည်အစားထိုးဖို့ လိုအပ်ဦးမှာ ဖြစ်တဲ့အတွက် အာဆင်နယ်ဘက်က အသင်းအတွက် အရေးပါတဲ့ ချာကာကို လက်မလွတ်သွားချင်တာ ဖြစ်ပါတယ်။ ချာကာဟာ အာဆင်နယ်အသင်းဟာ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး သူအနေနဲ့ နည်းပြဂျိုဆေးမော်ရင်ဟို ကိုင်တွယ်လို့နေတဲ့ ရိုးမားအသင်းဆီ ပြောင်းရွှေ့ကစားချင်နေတာ ဖြစ်ပေမယ့်လည်း ကစားသမားနဲ့ အသင်းရဲ့ကြားမှာ သဘောတူညီမှု ရယူထားနိုင်သလောက် အသင်း(၂)သင်းကြားမှာ ပြောင်းရွှေ့ကြေးအပိုင်း ညှိနှိုင်းမရတာကြောင့် ချာကာအနေနဲ့ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ကြန့်ကြာလျက် ရှိနေရတာ ဖြစ်ပါတယ်။