အာဆင်နယ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တိုက်စစ်ကစားသမားလေး ဂါဘရီရယ်မာတင်နယ်လီကတော့ အာဆင်နယ်နဲ့ နယူးကာဆဲလ်အသင်းတို့ ရင်ဆိုင်ကစားခဲ့ရတဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့်လည်း ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်နေစဉ်အတွင်းမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် ပွဲကိုပါဝင်နိုင်ခြင်းမရှိတော့ပဲ သူ့နေရာမှာ တခြားကစားသမားတစ်ယောက်နဲ့ လူစားထိုးခဲ့ရသလို မာတင်နယ်လီရဲ့အခြေအနေကိုလည်း အားလုံးက စိတ်ပူနေခဲ့ရပါတယ်။

Photo Credit : Just Arsenal

အသက်(၁၉)နှစ်အရွှယ်ရှိ ဘရာဇီးလူငယ်တိုက်စစ်မှူလေး မာတင်နယ်လီဟာ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကြောင့် ၂၀၂ဝဇွန်လလောက်ကတည်းက အနားယူနေခဲ့ရသူဖြစ်ပြီး ၂၀၂ဝခုနှစ်ရဲ့ နှစ်ကုန်ပိုင်းရောက်မှ ဒဏ်ရာကနေ အရှင်းသက်သာလာခဲ့တာကြောင့် အသင်းနဲ့ ပွဲအနည်းငယ် ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မမျှော်လင့်ပဲ နယူးကာဆဲလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်အေဖလားပွဲမှာပဲ ဒဏ်ရာထပ်ရခဲ့ပြီး မာတင်နယ်လီကိုယ်တိုင် မျက်ရည်ကျရတဲ့အထိကို နာကျင်ခံစားနေခဲ့ရတဲ့အတွက် သူ့ဒဏ်ရာအခြေအနေက ဆိုးရွှားမယ်လို့ ယူဆခဲ့ကြေ့ပမယ့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ မာတင်နယ်လီရဲ့ဒဏ်ရာက ဆိုးရွှားခြင်းမရှိပဲ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ လေ့ကျင့်ခန်းပါ ပြန်ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။

Photo Credit : Premier League

မာတင်နယ်လီရဲ့ ဒဏ်ရာအခြေအနေကို သေချာစစ်ဆေးပြီးနောက်မှာတော့ ဆိုးဆိုးရွှားရွှား ထိခိုက်ထားခြင်းမရှိကြောင်း အဖြေထွက်လာခဲ့တဲ့အတွက် မာတင်နယ်လီအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို အပြည့်အဝလုပ်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ မီခဲလ်အာတီတာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မာတင်နယ်လီအနေနဲ့ မနက်ဖြန်ညမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ ပါဝင်နိုင်ဦးမှာမဟုတ်ပဲ လာမယ့်တနင်းလာနေ့ညမှာ နယူးကာဆဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကိုပဲ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။ မာတင်နယ်လီဟာ သူရဲ့ဒဏ်ရာပြသာနာဆိုးတွေကြောင့် ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၅)ပွဲသာ ပါဝင်ထားခဲ့ရပြီး သွင်းဂိုးလည်း မရရှိသေးပါဘူး။ ဒါပေမယ့် မာတင်နယ်လီဟာ တကယ့်ကို အရည်အသွေးပြည့်ဝတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲဦးထွက်ခဲ့ရတဲ့ မနှစ်က ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ(၂၆)ပွဲအတွင်းမှာ စုစုပေါင်းသွင်းဂိုး(၁၀)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း (၄)ကြိမ်အထိ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

The post အာဆင်နယ်ကြယ်ပွင့်လေး မာတင်နယ်လီရဲ့ ဒဏ်ရာအခြေအနေက ထင်သလောက် ဆိုးရွှားခြင်းမရှိ appeared first on MySport Myanmar.