အီတလီနိုင်ငံအခြေစိုက် သတင်းမီဒီယာကြီး(၂)ခုဖြစ်တဲ့ Gazzetta နဲ့ Corriere dello Sport တွေကနေ ဖော်ပြလာချက်တွေအရ ဒီနှစ်ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို အီတလီစီးရီးအေချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြအန်တိုနီယိုကွန်တီဟာ အင်တာအသင်းနဲ့ လက်တွဲဖြုတ်ပြီး ဇီဒန်းနဲ့ လမ်းခွဲဖို့ အစီအစဉ်ရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Foot Mercato

နာမည်ကျော် အီတလီလူမျိုး ဘောလုံးနည်းပြ ကွန်တီဟာ အင်တာမီလန်အသင်းကို ၂၀၁၉ခုနှစ်မှာ ကိုင်တွယ်ခဲ့ပြီး (၂)ရာသီအကြာမှာပဲ အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခုအဖြစ် စီးရီးအေချန်ပီယံဆုဖလားကြီးကို အရယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်တီဟာ အသင်းရဲ့ ကစားသမားတချို့နဲ့ရော အသင်းပိုင်ရှင် အသင်းတာဝန်ရှိသူတွေနဲ့ပါ အဆင်မပြေမှုတွေ ရှိနေခဲ့တာကြောင့် အသင်းနဲ့ ဆက်လက်ပူးပေါင်းသွားဖို့က မရေမရာ ဖြစ်လို့နေသလို လာမယ့် (၄၈)နာရီအတွင်းမှာပဲ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချသွားတော့မှာဖြစ်တာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေရပါတယ်။

Photo Credit : Sempreinter

အင်တာမီလန်အသင်းဟာ ဒီလို အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ ကွန်တီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စီးရီးအေရဲ့ နာမည်ကျော် နည်းပြဟောင်းတွေဖြစ်တဲ့ မက်စ်အယ်လီဂရီနဲ့ မာရီဇီယိုဆာရီတို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ တကယ်လို့ ကွန်တီအနေနဲ့ အင်တာအသင်းနဲ့ လမ်းခွဲခဲ့မယ်ဆိုရင်တော့ နည်းပြဇီဒန်းနဲ့ ကျောခိုင်းရဖွယ် ရှိလို့နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ကွန်တီကို သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်လာဖွယ် ရှိနေပါတယ်။ ကွန်တီကိုယ်တိုင်ကလည်း သူအနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်သွားဖို့အတွက် နီးစပ်ခဲ့ဖူးသေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသလို သူ့ကိုလည်း ရီးယဲလ်အသင်းဘက်ကနေ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။ တကယ်လို့ အင်တာမီလန်အသင်းဟာ နည်းပြကွန်တီကိုသာ အသင်းကနေ လက်လွတ်လိုက်မယ်ဆိုရင် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လူကာကူ ဟာခီမီ အဲရစ်ဆင်တို့လို ကစားသမားတွေပါ အသင်းနဲ့ လမ်းခွဲလာဖွယ် ရှိနေလို့ စီးရီးအေချန်ပီယံ အင်တာအသင်းအတွက် နစ်နာစရာတွေ ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

The post အင်တာမီလန်နဲ့ လက်တွဲဖြုတ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖွယ်ရှိနေတဲ့ ကွန်တီ appeared first on MySport Myanmar.