မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို အသင်းကနေ ရောင်းချသွားဖို့ စဉ်းစားလာခဲ့တဲ့အပြင် တိုက်စစ်မှူးသစ်တစ်ယောက်ကိုလည်း ခေါ်ယူသွားဖွယ် ရှိနေတဲ့အတွက် မာစီယဲလ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းလာမှုတွေကိုပါ စဉ်းစားလာဖွယ်ရှိနေတယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Red Devil Armada

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၂၃)ဂိုး သွင်းယူနိုင်ခဲ့တဲ့အထိကို ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ သူရဲ့ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့အတွက်ကိုပါ ရုန်းကန်လျက်ရှိနေပြီး ပြိုင်ပွဲစုံ (၃၆)ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့်လည်း အသင်းအတွက်ကိုတော့ သွင်းဂိုး(၇)ဂိုးသာ သွင်းယူထားနိုင်တဲ့ ဂိုးသွင်းခြေ ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီ မာစီယဲလ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာဆိုရင်လည်း (၄)ဂိုးသာ ရှိနေခဲ့ရပါတယ်။

Photo Credit : Manchester Evening News

လိုင်ယွန်လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကမှ မိုနာကိုအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာသာ သူရဲ့တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုးက (၈)ဂိုးနဲ့ နည်းပါးတဲ့ အရေအတွက်မျိုး ဖြစ်ခဲ့ရပြီး ဒီနှစ်ရာသီမှာလည်း အဲ့ဒီဘောလုံးရာသီလိုမျိုး ဂိုးသွင်းနိုင်မှုက အလားတူပုံစံ ဖြစ်နေရပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းတိုက်စစ်မှူး မာစီယဲလ်အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် စဉ်းစားပေးသွားဖို့ အသင့်ရှိနေတာဖြစ်ပြီး ထိုက်သင့်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့မယ်ဆိုရင် ရောင်းချသွားဖို့အထိပါ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ မာစီယဲလ်ဟာ ဒီရာသီအတွင်း သူပါဝင်ကစားတဲ့ ပွဲအတော်များများမှာ ရုန်းကန်မှုတွေ ရှိခဲ့ပေမယ့် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားက သူ့ကို ပုံမှန်နေရာမဟုတ်တဲ့ အထောင်တိုက်စစ်မှာ အသုံးများခဲ့တာကြောင့်သာ မာစီယဲလ်ကလည်း ခြေစွမ်းပြဖို့ ခက်ခဲနေခဲ့ရတာဖြစ်ပြီး သူ့အတွက် အဆင်ပြေစေနိုင်မယ့် ဘယ်ခြမ်းတိုက်စစ်မှာသာ အသုံးပြုမယ်ဆိုရင် ခြေစွမ်းပြနိုင်မှာဖြစ်တယ်လို့ ယူနိုက်တက် ပရိသတ်တချို့က သုံးသပ်ထားပါတယ်။

The post မာစီယဲလ်အတွက် ကမ်းလှမ်းမှုတွေ ရှိလာပါက ရောင်းထုတ်သွားဖွယ်ရှိနေတဲ့ ယူနိုက်တက်အသင်း appeared first on MySport Myanmar.