ယမန်နေ့မှာပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမား အဖြစ် တရားဝင် မိတ်ဆက်မှုကို ပြုလုပ်ခဲ့တဲ့ ဩစတီးယား နောက်ခံလူ အလာဘာ ကတော့ သူ့ရဲ့ အသင်းဖော်သစ် ဗာရန်းကို ရီးရဲလ်မက်ဒရစ် အသင်းမှာပဲ ဆက်လက် ရှိစေချင်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင် ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၂၉နှစ် အရွယ် စွယ်စုံရ ဩစတီးယား နောက်ခံလူ အလာဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၆ ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်တရပ်ကို ချုပ်ဆိုခဲ့သလို ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် လစ်လပ်သွားတဲ့ ကျောနံပါတ်၄အား အလာဘာကို ပေးအပ်ခဲ့သလို အလာဘာနဲ့ အခြား ထိပ်တန်း နောက်ခံလူ တဦးတို့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်စေချင် နေပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ် မက်ဒရစ်အသင်းတို့ကလည်း တရားဝင် ဆွေးနွေးနေကြပါတယ်။

Photo Credit: AS English

ဒါပေမယ့် အလာဘာကတော့ ဗာရန်းကို ရီးရဲလ်မက်ဒရစ် အသင်းမှာသာ ဆက်လက် ရှိနေစေချင်ပြီး ဗာရန်းနဲ့ တွဲဖက်ကစားရဖို့ မျှော်လင့်မိကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားသလို အသင်းမှာ ဆက်လက် ရှိနေအောင် စည်းရုံးမှုတွေလည်း ပြုလုပ်နေပါတယ်။

ဗာရန်းကို ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆက်လက် ရှိစေချင်ကြောင်းကို အလာဘာက – “ ကျွန်တော်က ဗာရန်းနဲ့ တွဲဖက် ကစားချင်တာပေါ့။ သူက ဘောလုံးကို ထိန်းချုပ် ကစားတဲ့ နေရာမှာ အရမ်းကောင်းတဲ့ ကစားသမား တဦးပါ။ သူက ထိပ်တန်း နောက်ခံလူ တဦး ဖြစ်သလို သူ့ရဲ့ အရည်အသွေးတွေကလည်း အရမ်းကို ကောင်းမွန်ပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။