ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်ဖြစ်သူ မာရီစီယိုပိုချက်တီနိုကတော့ အသင်းအတွက် သူရဲ့ပထမဆုံးသော ကစားသမားသစ် ခေါ်ယူမှုအဖြစ် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးကို ဦးစားပေးပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပိုချက်တီနိုဟာ စျေးကွက်အတွင်းမှာ သူနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ အာဂျင်တီးနား ဘောလုံးသမားတွေကိုပဲ ပိုမိုခေါ်ယူချင်နေသလို အသင်းဟောင်းစပါးက ကစားသမားတွေကိုလည်း ခေါ်ယူချင်နေပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂွဲရိုးဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ပေမယ့် သူရဲ့စာချုပ်သက်တမ်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း အဂွဲရိုးဟာ ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေကြောင့် အသင်းအတွက် ပွဲအနည်းငယ် ပါဝင်ကစားထားခဲ့ရသလို သွင်းဂိုးလည်း(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ အဂူရိုကို မန်စီးတီးဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့အတွက် စောင့်ကြည့်လျက်ရှိနေသလို မသေချာသေးတဲ့ အနေအထားတစ်ခုသာ ဖြစ်လို့နေပါသေးတယ်။

Photo Credit : BT

ဒီလိုအခြေအနေတွေရှိနေတဲ့ အဂွဲရိုးကို ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကနေ စောင့်ကြည့်လျက်ရှိလို့နေပြီး အသင်းသစ်အတွက် သူပထမဦးဆုံး ခေါ်ယူသွားမယ့် ကစားသမားအဖြစ်နဲ့ပါ အဓိကပစ်မှတ်ထားလို့နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဂွဲရိုးဟာ မန်စီးတီးနဲ့ လပိုင်းလောက်သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်လို့ အခုဆောင်းစျေးကွက်အတွင်းမှာပဲ ပရီးမီးယားလိဂ်ပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာလည်း အဂွဲရိုးကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ပီအက်စ်ဂျီလည်း ပါဝင်လို့နေသလို နွေရာသီကမှ အသင်းနဲ့ လမ်းခွဲထားခဲ့ရတဲ့ ကာဗာနီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အဂွဲရိုးကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကတော့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အဂွဲရိုးကို အလိုရှိနေသလို စပါးအသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက သူ့ရဲ့အနှစ်သက်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဒယ်လီအလီကိုလည်း စပါးကနေ အငှားစာချုပ်နဲ့ ခေါ်ယူပြီး အငှားသက်တမ်းကုန်ချိန်မှာ အပြီးသတ်ဝယ်ယူသွားဖို့ပါ စီစဉ်လျက်ရှိပါတယ်။ ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီနည်းပြဘဝအစ ပထမဆုံးပွဲစဉ်မှာတော့ နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး စိန့်အက်တီယန်နဲ့ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့ရပါတယ်။

The post အဂွဲရိုးကို အသင်းရဲ့ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်လို့ထားတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို appeared first on MySport Myanmar.