ဂျုဗင်တပ်စ်အသင်းက မမျှော်လင့်ပဲ ၂၀၂ဝကုန်ခါနီးလောက်မှာ ဖီအိုရင်တီးနားအသင်းကို ဂိုးပြတ်အရေးနိမ့်မိခဲ့တာကြောင့် သူတို့ရဲ့ပြိုင်ဘက်အသင်းဖြစ်တဲ့ အေစီမီလန်က ဒီနှစ်ဘောလုံးရာသီ ဥရောပထိပ်သီး အမှတ်ပေးလိဂ်(၅)ခုအတွင်း တစ်သင်းတည်းသော ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့အသင်းအဖြစ် မားမာမတ်မတ် ရပ်တည်သွားနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာတော့ သူတို့နှစ်သင်းလုံး မီလန်မြို့မှာ ထိပ်တိုက်ရင်ဆိုင်ရပါတော့မယ်။

တချိန်က စီးရီးအေမှာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ အေစီမီလန်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့နေနေသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပင် အလှမ်းဝေးသွားခဲ့ပြီး ယူရိုပါလိဂ်လောက် ဝင်ရောက်ကစားခွင့်ရနိုင်အောင်ပဲ ကြိုးပမ်းနေခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ မီလန်အသင်းဟာ ဘယ်သူ့မှ ထင်မှတ်မထားလောက်အောင်ကို ခြေစွမ်းပိုင်း တည်ငြိမ်လွန်းနေပြီး ရှံးဖို့နီးစပ်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ အနိမ့်ဆုံးတစ်မှတ်လောက်ရအောင် ကြိုးပမ်းရယူနိုင်ခဲ့တာကြောင့် အခုချိန်ထိကို ရှုံးပွဲမရှိသေးပဲနဲ့ စီးရီးအေအမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေပါတယ်။

ဂျုဗင်တပ်စ်အသင်းကတော့ နည်းပြသစ်ပီယာလိုလက်အောက်မှာ ကောင်းတဲ့ပွဲမှာ အရမ်းကောင်း ညံ့တဲ့ပွဲဆို အရမ်းညံ့နဲ့ အမှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲတွေလည်း များစွာရှိနေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ မီလန်နဲ့ သူတို့အသင်းကြားမှာ အမှတ်ကွာဟချက်က (၁၀)မှတ်အထိ ရှိနေတာကြောင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းရအောင် လုပ်ဆောင်ရမှာဖြစ်သလို စောစောစီးစီး ချန်ပီယံပြေးလမ်းထဲကနေ မထွက်ခွာသွားစေဖို့အတွက်လည်း ဒီပွဲကို အာရုံစိုက်ကစားဖို့ လိုနေပါတယ်။

မီလန်အတွက် တစ်ခုနစ်နာရတာကတော့ ဒီပွဲကို ဝါရင့်တိုက်စစ်မှူးကြီး မိုဗစ်မပါဝင်နိုင်တာပါပဲ။ တိုနယ်လီ ဘန်နာဆာတို့လို ကွင်းလယ်လူတွေလည်း မပါဝင်နိုင်တာက မီလန်ကို အနည်းငယ်တော့ ထိခိုက်စေနိုင်ပါတယ်။ ဂျုဗင်တပ်စ်ဘက်မှာက မိုရာတာမပါဝင်သလို ကွာဒရာဒိုနဲ့ ဆန်ဒရိုတို့ကလည်း ကိုဗစ်ကူးစက်ခံနေရတာကြောင့် ဒီပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ မီလန်က ဒီရာသီအတွင်း အိမ်ကွင်းမှာဆိုရင် လိုင်လီတစ်သင်းတည်းကိုသာ ရှုံးထားခဲ့ပြီး ဧည့်သည်ဂျုဗင်တပ်စ်ကတော့ ပြိုင်ပွဲစုံ အဝေးကွင်းတစ်ပွဲမှကို မရှုံးနိမ့်ထားပဲ ဘာစီလိုနာကိုပါ အဝေးကွင်းမှာ အနိုင်ယူထားပါတယ်။ အိမ်ရှင်မီလန်အနေနဲ့ မြို့ခံပြိုင်ဘက် အင်တာရဲ့ ဖိအားပေးလာမှုတွေကြောင့် ရလဒ်မဆုံးရှုံးဖို့ လိုအပ်သလို ဂျုဗီကလည်း မီလန်အသင်းတွေနဲ့ အမှတ်ကွာဟမှု မကြီးမားသွားဖို့အတွက် ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ဂျုဗီတို့ အနိမ့်ဆုံးသရေလောက် ရလိမ့်မယ်လို့ ထင်မိပါတယ်။

The post ရှုံးပွဲမရှိသေးတဲ့ အေစီမီလန်နဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှု appeared first on MySport Myanmar.