ဒီနှစ်ဘောလုံးရာသီအစပိုင်း နွေစျေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘော့စနီးယားကွင်းလယ်ကစားသမား ပီယာနစ်ဟာ အသင်းသစ်မှာ ပွဲထွက်ကစားခွင့်တွေက နည်းပါးလျက်ရှိနေတဲ့အပေါ် စိတ်ပျက်လျက်ရှိနေပြီး အသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းကလည်း ကွင်းလယ်ပိုင်းမှာ ဘူးစကွက်စ် ဒီဂျောင်နဲ့ လူငယ်ကစားသမားလေး ပီဒရီတို့ကိုသာ ဦးစားပေး အသုံးပြုလို့နေကာ ပီယာနစ်ကို အရန်ကစားသမားအဖြစ်လောက်နဲ့ပဲ အသုံးပြုလျက်ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၃၀)အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ ဘရာဇီးကွင်းလယ်လူ အာသာမယ်လိုနဲ့အတူ ကစားသမားအလဲအလှယ်လုပ်ရင်းကနေ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပီယာနစ်ဟာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်ပြီး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတစ်ယောက်လည်းဖြစ်လို့ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်လိုက်ရတာက ဘာစီလိုနာအတွက် အကျိုးရှိမယ်လို့ သုံးသပ်ခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ဘာစီလိုနာအနေနဲ့ ပီယာနစ်ကို ခေါ်ယူလိုက်ခြင်းက အသင်းရဲ့ နောက်ပိုင်းနှစ်တွေမှာ ပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့များအတိုင်း ငွေဖြုန်းတီးတဲ့ ခေါ်ယူမှုတစ်ခုသာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ပီယာနစ်ဟာ ဘာစီလိုနာအသင်းအတွက် ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေအားလုံးကို ပွဲထွက်ကစားခဲ့ရတယ်ဆိုပေမယ့်လည်း အသင်းရဲ့ စပိန်လာလီဂါပွဲစဉ်တွေကိုတော့ ဘူးစကွက်စ် ဒဏ်ရာရသွားခဲ့တဲ့နောက် နိုဝင်ဘာလ(၂၁)ရက် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှသာ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် စတင်ကစားခဲ့ရတာဖြစ်သလို လက်ရှိအချိန်ထိလည်း လာလီဂါ(၅)ပွဲကိုသာ ပွဲထွက်ကစားထားရပါသေးတယ်။ ပီယာနစ်ကိုယ်တိုင်ကလည်း အခုလို အခြေအနေမျိုးကို သူရဲ့ကစားသမားဘဝအတွင်း တစ်ကြိမ်တစ်ခါမှကို မကြုံဖူးဘူးလို့ ပြင်သစ်သတင်းမီဒီယာ Telefoot နဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောဆိုထားခဲ့ပြီး နည်းပြရဲ့ဆုံးဖြတ်ချက်ကိုတော့ သူ့ဘက်ကနေ လေးစားမှုရှိကြောင်းနဲ့ ပွဲထွက်ခွင့်တွေ များများရလာနိုင်အောင်လည်း ကြိုးစားနေမှာဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ပီယာနစ်ဟာ လက်ရှိအချိန်ထိ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာတစ်ခုမှကို မလုပ်ဆောင်ထားနိုင်သေးပဲ ရုန်းကန်နေရပါတယ်။

The post ပွဲထွက်ကစားခွင့်တွေ နည်းပါးနေခြင်းအပေါ် စိတ်ပျက်နေတဲ့ ဘာစီလိုနာကွင်းလယ်လူ ပီယာနစ် appeared first on MySport Myanmar.