ကမ္ဘာ့ဒေသအသီးသီးရှိ ကျောင်းတိုင်းအတွက် ၂၀၂၀ ပြည့်နှစ်သည် မျှော်လင့်မထားသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၏ အဆုံးသို့ ရောက်ရှိလာခြင်းနှင့်အတူ ကျွန်ုပ်တို့သည် Yangon American International School မှ ဆရာဆရာမများ၊ မိဘများ၊ ကျောင်းသားကျောင်းသူများနှင့် စကားပြောဆိုရင်း စိန်ခေါ်မှုများ ပြည့်နှက်နေခဲ့သော ဤနှစ်၏ ကောင်းခြင်း၊ ဆိုးခြင်းများ၊ သင်ခန်းစာများအကြောင်း ဆွေးနွေးဖြစ်ခဲ့ကြပါသည်။

မိသားစုအသိုက်အဝန်းတစ်ခုကို အွန်လိုင်းမှ ဖန်တီးတည်ဆောက်ခြင်း

Yangon American ၏ ဒုကျောင်းအုပ်ဖြစ်သူ Emily Morris က “Yangon American မှာ ကျွန်မတို့ဟာ ယုံကြည်မှု၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ မိသားစုကဲ့သို့ နွေးထွေးစည်းလုံးမှုပေါ် အခြေခံထားတဲ့ အားလုံးပါဝင်နိုင်တဲ့ အသိုက်အဝန်းတစ်ခုကို ဖန်တီးထားနိုင်တာကြောင့် ဂုဏ်ယူရပါတယ်။ ကျောင်းသားမိဘများနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ကောင်းမွန်တဲ့ ဆက်သွယ်ပြောဆိုမှုပြုတာတွေဟာ Yangon American ကျောင်းယဉ်ကျေးမှုရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုတစ်ခုဖြစ်သလို အထူးသဖြင့် အခုလိုအဝေးရောက်သင်ကြားရေး လုပ်ဆောင်ရတဲ့အချိန်မှာ အရမ်းပဲ အရေးပါလာပါတယ်။ ကျောင်းသားကျောင်းသူတွေကို ကျောင်းအနေနဲ့ ပံ့ပိုးကူညီနိုင်အောင်၊ သူတို့လေးတွေ အောင်မြင်အောင် ကူညီပေးရာမှာ ဒီအချက်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်” ဟု ဆိုခဲ့ပါသည်။
“ကျွန်မတို့ သင်ကြားရေးအစီအစဉ်အပေါ်၊ အနာဂတ်မှာ ကျွန်မတို့ဖြစ်ချင်တာတွေအပေါ် ယုံကြည်မှုရှိရှိနဲ့ ပံ့ပိုးပေးကြတဲ့ ကျောင်းသားမိဘများကို ပိုင်ဆိုင်ထားရတာလည်း ကံကောင်းတယ်လို့ ပြောရမှာပါ။ ကျောင်းသားမိဘတွေနဲ့ အမြဲတမ်း ပွင့်ပွင့်လင်းလင်း စကားပြောနိုင်ပြီး သူတို့ရဲ့ အိမ်တွေမှာ သင်ကြားမှုအစီအစဉ် ဘယ်လိုရှိသလဲ၊ အထူးသဖြင့် ကလေးတွေနဲ့ အဆင်ပြေမပြေ စတဲ့ Feedback တွေကို မိဘတွေဆီက အမြဲရရှိနေတာကြောင့် ကျောင်းသူကျောင်းသားတွေကို သူတို့ရှိနေတဲ့နေရာမှာ အကောင်းဆုံးသင်ကြားပေးနိုင်ဖို့ ချိန်ညှိပြောင်းလဲမှုတွေ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်” ဟု Ms. Morris က ဆက်လက်ပြောကြားခဲ့ပါသည်။

မမျှော်မှန်းနိုင်သည့်အရာကို မျှော်မှန်းထားခြင်း

ကျောင်းအုပ်ကြီးဖြစ်သူ Robert Crutchfield က “ဆရာဆရာမတွေအနေနဲ့ အရင်ကတစ်ခါမှ ကြိုတင်မစဉ်းစားခဲ့ဖူးတဲ့ သင်ကြားသင်ယူမှု ပုံစံအသစ်တစ်ခုကို အချိန်တိုအတွင်း ထိထိရောက်ရောက် ဖန်တီးနိုင်ခဲ့ပြီး စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်ခဲ့တဲ့အတွက် ကျွန်တော်အင်မတန်မှ ဂုဏ်ယူပါတယ်။ ဒီလို ကျောင်းအခြေပြုသင်ကြားရေး စနစ်ကနေ အဝေးရောက်သင်ကြားမှုစနစ်ကို (၁၀၀) ရာခိုင်နှုန်း နေ့ချင်းညချင်း ပြောင်းလဲရတာမျိုး အရင်ကတစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ကျောင်းသားကျောင်းသူများဘက်ကလည်း အကောင်းဆုံး လုပ်ဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ ဒီလို အဝေးရောက်သင်ကြားမှုစနစ်နဲ့ သူတို့အသားကျအောင် ကြိုးစားကြတဲ့အခါမှာ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း၊ ယုံကြည်မှုနဲ့ စွမ်းဆောင်နိုင်မှုတွေကို မြင်နေရပါတယ်။ ကျောင်းမိသားစုတစ်ခုလုံး ကျောင်းကိုပြန်လည်ရောက်ရှိနိုင်မယ့် အချိန်ကို ကျွန်တော်မျှော်လင့်နေပါတယ်၊ ဒါပေမယ့် အဲဒီအချိန်မရောက်ခင်အထိ ကျွန်တော်တို့ဟာ အရည်အသွေးမြင့် အွန်လိုင်းသင်ကြားမှုစနစ်နဲ့ ဆက်လက်သင်ကြား ပေးသွားမှာပါ” ဟု ပြောကြားခဲ့ပါသည်။

ကလေးငယ်တစ်ဦးကို ဖွံ့ဖြိုးစေခြင်း

Grade 1 နှင့် Grade 3 တို့တွင် အသီးသီးတက်ရောက်သင်ကြားလျက်ရှိသည့် Mathias နှင့် Markus တို့၏ မိခင်ဖြစ်သူ Ms. Lien က “ကာယပိုင်း၊ အသိဉာဏ်ပိုင်း၊ ခံစားမှုပိုင်းနဲ့ ကျင့်ဝတ်ပိုင်းတွေမှာ ဖွံ့ဖြိုးစေဖို့အတွက် ကျောင်းရဲ့ IB Program ကနေတစ်ဆင့် ကျောင်းသားတွေဟာ သူတို့ရဲ့ သင်ကြားသင်ယူမှုကို သူတို့ဘာသာ တာဝန်ယူတတ်ဖို့ အားပေးခြင်း ခံရပါတယ်။ အွန်လိုင်းသင်ကြားရေးဖြစ်တာတောင်မှ ကလေးတွေစိတ်ရောကိုယ်ပါ အပြည့်အဝ သန်မာဖွံ့ဖြိုးစေဖို့ ပုံမှန်သင်ကြားရတဲ့ သင်္ချာနဲ့ အင်္ဂလိပ်စာအတန်းတွေအပြင် ကာယပညာအတန်းတွေ၊ ဂီတအတန်းတွေ သင်ကြားနိုင်တာကို တော်တော်ကြိုက်မိပါတယ်။ ဒါ့အပြင် ကွန်ပျူတာ၊ နည်းပညာ စတာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှု အသစ်တွေအပြင် အွန်လိုင်းသင်ကြားရေးမှာ ပြုမူသင့်တဲ့ အမူအကျင့်ကောင်းလေးတွေ – ဥပမာအားဖြင့် ကိုယ့်သူငယ်ချင်း စကားပြောနေတဲ့အခါ သူတို့ကို တလေးတစားနဲ့အချိန်ပေးတာ၊ ကိုယ်စကားပြောချင်တဲ့အခါ လက်ထောင်တာ၊ ကိုယ်စကားပြောပြီးတဲ့နောက် အသံကိုပြန်ပိတ်တာ စတာတွေကိုလည်း သင်ယူထားနိုင်ကြပါတယ်” ဟု ပြောကြားခဲ့ ပါသည်။

ချောမွေ့သည့် အပြောင်းအလဲ

“ကျွန်တော်အွန်လိုင်းအတန်းတက်ရမယ်လို့ ဖေဖေနဲ့ မေမေကပြောတော့ သိပ်နားမလည်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းဆို ကျောင်းပိတ်ရက်မှသာ ကျွန်တော်ကျောင်းမသွားရတာလေ။ အွန်လိုင်းက သင်ကြားရတဲ့အတန်းတွေ စတက်တော့ အရင်ကစာသင်ခန်းထဲမှာ သင်ရတာနဲ့ တော်တော့်ကို ကွာခြားသွားတယ်၊ ဒါပေမယ့် အတန်းထဲမှာ ပုံမှန်လုပ်နေကြအရာတွေအတိုင်း တစ်ပုံစံတည်းဖြစ်အောင် အွန်လိုင်းအတန်းကို ဆရာမက ဖန်တီးပေးထားတာကြောင့် ခါတိုင်းလိုပဲလို့လည်း ခံစားရပါတယ်။ သူငယ်ချင်းတွေနဲ့ အတူဆော့ရတာကိုရော ဆရာမကိုပါ သတိရပါတယ်၊ ဒါပေမယ့်လည်း နေ့တိုင်း ဗီဒီယိုကနေ သူတို့ကိုမြင်နေနိုင်တာလည်း ပျော်စရာကောင်းတာပါပဲ” ဟု Grade 3 ကျောင်းသားဖြစ်သည့် Mathias က မိမိအတွေ့အကြုံကို ပြောကြားခဲ့ပါသည်။

Grade 1 တွင် ပညာဆည်းပူးနေသူ Faie ၏ ဖခင်ဖြစ်သည့် Mr. Travis က “ကျွန်တော့်သမီးကို နေ့တိုင်း တစ်နေကုန် အိမ်မှာပဲ ကျွန်တော်တို့နဲ့အတူထားဖို့ဆိုတဲ့ အကြောင်းကို ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးပါ မတွေးခဲ့မိပါဘူး။ သမီးကိုအရမ်းချစ်တာမှန်ပေမယ့် သူ့ကို နေ့တိုင်းကျောင်းသွားတက်စေချင်တာကြောင့်ပါ။ ဒါပေမယ့် Yangon American က အဝေးရောက်သင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ထားတဲ့ပုံဟာ အင်မတန်မှ ကောင်းမွန်ပါတယ်။ အခုဆို ကျွန်တော် အလုပ်လုပ်တဲ့အချိန်၊ သမီးလေးကလည်း အတန်းတက်နေတဲ့အချိန် ကျွန်တော်သူ့ဘေးမှာ ထိုင်ပေးတတ်တယ်။ အသက်ငယ်ငယ်နဲ့ သမီးလေးသင်ရတဲ့ သင်ခန်းစာအကြောင်းအရာတွေထဲမှာ ကျွန်တော့်လို လူကြီးတစ်ယောက်အတွက်တောင် သင်ယူစရာတွေ ပါလာတတ်တယ်။ ဆရာဆရာမတွေ တာဝန်ယူထားရတဲ့ အခန်းကဏ္ဍတွေကို မိဘတစ်ယောက်အနေနဲ့ ပြည့်ပြည့်စုံစုံ မြင်တွေ့ခဲ့ရတဲ့အတွက် ဆရာတွေကို အရင်ကထက်တောင် ပိုပြီး လေးစားမိလာပါတယ်” ဟု ဆိုသွားခဲ့ပါသည်။
Yangon American International School အနေဖြင့် ၂၀၂၁ နှစ်သစ်ကို လှမ်းမျှော်ကြည့်ရင်း အားလုံးအတူတကွ ပြန်လည်တွေ့ဆုံနိုင်မည့်တစ်ရက်ကို ကျောင်းမိသားစုက စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားလျက်ရှိပါသည်။ ထိုနေ့မရောက်မီ ယခုအချိန်တွင်တော့ အဝေးရောက်သင်ကြားရေးစနစ်ကို ထွေးပွေ့လျက် အကောင်းဆုံး ရှေ့ဆက်သွားမည်သာ ဖြစ်ပါသည်။

The post Yangon American International School နှင့်အတူ ၂၀၂၀ ကို လည်ပြန်ကြည့်ခြင်း – “ကမ္ဘာ့ကပ်ရောဂါက ကျွန်တော်တို့ကို မဟန့်တားနိုင်ခဲ့ပါဘူး” appeared first on MyBiz Myanmar.