ဘလွန်းဒီအောလို့ခေါ်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ကိုဗစ်ဂယက်ကြောင့် မချီးမြှင့်နိုင်ခဲ့လို့ ဒီဆုနဲ့ လွဲချော်ခဲ့ရပေမယ့်လည်း ထုံးစံမပျက် ချီးမြှင့်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက ဒီနှစ်ဘောလုံးရာသီမှာလည်း သူရဲ့ဘိုင်ယန်အသင်းအတွက် သွင်းဂိုးတွေကို အဆက်မပြတ် သွင်းယူလျက်ရှိနေတာကြောင့် ဥရောပရွှေဖိနပ်ဆုကိုပါ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ အားကောင်းလာခဲ့ရပါတယ်။

Photo Credit : DW

အသက်(၃၂)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသွင်းစက်တစ်လုံးလည်းဖြစ်ပြီး ပြီးခဲဲ့တဲ့ဘောလုံးရာသီမှာလည်း သူရဲ့ဘွန်ဒစ်လီဂါသွင်းဂိုးက (၃၄)ဂိုးအထိ ရှိခဲ့ပေမယ့် လာဇီယိုအသင်းရဲ့ အီတလီတိုက်စစ်မှူး အင်မိုဘီလီက (၃၆)ဂိုးသွင်းယူနိုင်ခဲ့လို့ ဥရောပရွှေဖိနပ်ဆုနဲ့ ကပ်လွဲခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၂၂)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တာကြောင့် ဘွန်ဒစ်လီဂါ သွင်းဂိုးအများဆုံးဆုရှင်အဖြစ်ရော ဥရောပရွှေဖိနပ်ဆုရှင်အဖြစ်နဲ့ပါ မြင်တွေ့လာရဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။

Photo Credit : Eurosport

ဒီနှစ်ဘောလုံးရာသီ ဥရောပဘောလုံးနယ်ပယ်အတွင်း ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းဂိုး(၂၂) ရမှတ်ပေါင်း (၄၄)မှတ်နဲ့ ရမှတ်အများဆုံးနေရာကနေ ရပ်တည်လို့နေပြီး လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာတော့ ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက သွင်းဂိုး(၁၅) ရမှတ်(၃၀)မှတ်နဲ့ ရပ်တည်လို့နေပါတယ်။ လီဝန်ဒေါစကီးနဲ့ ရော်နယ်ဒိုတို့ကြားမှာ သွင်းဂိုးက (၇)ဂိုးအထိကို ကွာဟလို့နေပေမယ့် ဘိုင်ယန်က လက်ကျန်ရာသီအတွင်း ဘွန်ဒစ်လီဂါပွဲစဉ် (၁၇)ပွဲသာ ကစားရတော့မှာဖြစ်ပြီး ဂျုဗင်တပ်စ်ကတော့ နောက်ထပ်စီးရီးအေပွဲစဉ်ပေါင်း (၂၁)ပွဲအထိ ကစားရဦးမှာဖြစ်လို့ ရော်နယ်ဒိုက လီဝန်ဒေါစကီး ဂိုးပိုသွင်းနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေပါတယ်။ အခုလို လီဝန်ဒေါစကီးနဲ့ အပြိုင်အဆိုင် ဖြစ်နေရတဲ့ ရော်နယ်ဒိုဟာ ဥရောပရွှေဖိနပ်ဆုကို (၄)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ဖူးသူဖြစ်ပေမယ့် ၂၀၁၅ခုနှစ်နောက်ပိုင်းကတည်းက ဒီဆုနဲ့ အလှမ်းဝေးနေရတာဖြစ်ပါတယ်။ ဒီကစားသမားရဲ့နောက်မှာတော့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးအာလင်းဟာလန်းနဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေတို့က (၁၄)ဂိုးနဲ့ တတိယနေရာကို ပူးတွဲပိုင်ဆိုင်ထားကြပြီး လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးမိုဟာမက်ဆာလာက သွင်းဂိုး(၁၃)ဂိုးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေကြပါတယ်။

The post ဥရောပရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ရဖွယ်ရှိနေတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီး appeared first on MySport Myanmar.